ချဲလ်ဆီးကို အနိုင်ရပြီးနောက် ဇာခါရဲ့စိုးရိမ်စရာဒဏ်ရာအခြေအနေကို လီဘရစ် ရှင်းပြ
အလင်းရောင်ကွင်းကြီးမှာ ချဲလ်ဆီးကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဒဏ်ရာကြောင့် ကွင်းပြင်ပဆီ ထွက်ခွာသွားရတဲ့ ကွင်းလယ်ကစားသမားဇာခါရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဆန်းဒါးလန်းနည်းပြလီဘရစ်က ရှင်းပြခဲ့ပါတယ်။
ဒီဆွစ်ဇာလန်လက်ရွေးစင်ကစားသမားက ကွင်းတွင်းမှမထွက်ခွာမီ လေးမိနစ်သာ ကစားနိုင်ခဲ့ပြီး လာမယ့်နိုင်ငံတကာသီတင်းပတ်အတွက် သူ့ရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ တိုးပွားလာပါတယ်။
ဆန်းဒါးလန်းအတွက် ပွဲ ၅၀ ပြည့်ပါဝင်ကစားပေးခဲ့တဲ့ ဒီအာဆင်နယ်ကစားသမားဟောင်းရဲ့နေရာမှာ အာဟိုကာ အစားထိုးဝင်ရောက်ကစားခဲ့ပါတယ်။
အခုလိုမျိုး အသင်းကပ္ပတိန်ကို ဆုံးရှုံးလိုက်ရပေမဲ့ အိမ်ရှင်တွေက ဒီအခက်အခဲကို ကျော်ဖြတ်ကာ လီဖီရဲ့ပွဲချိန် ၃၆ မိနစ်ပင်နယ်တီသွင်းဂိုးဖြင့် အလွန်လိုအပ်နေတဲ့နိုင်ပွဲကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ လီဘရစ်က ဇာခါရဲ့ဒဏ်ရာအမျိုးအစားကို ဖွင့်ဟပြောကြားခဲ့ပေမဲ့ ဒဏ်ရာအခြေအနေပြင်းထန်မှုကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ပြောပါတယ်။
"ဒါက ခြေသလုံးကြွက်သား ဒဏ်ရာပုံစံမျိုး ဖြစ်ပုံရပေမဲ့ ဘယ်လောက်အထိ ဆိုးရွားသလဲဆိုတာတော့ ကျွန်တော်တို့ မသိသေးပါဘူး။ သွေးပူလေ့ကျင့်ခန်းဆင်းချိန် နောက်ဆုံး အပြေးလေ့ကျင့်မှုမှာ ဒီဒဏ်ရာကို ဇာခါ စတင်ခံစားလာရပါတယ်" လို့ လီဘရစ်က ပြောပါတယ်။
နိုင်ငံတကာသီတင်းပတ်ကြောင့် ဆန်းဒါးလန်းအတွက် ရက်သတ္တပတ်နှစ်ပတ်နီးပါး အားလပ်ချိန် ရရှိထားပြီး ဒဏ်ရာသာ သာမန်အခြေအနေဆိုရင် ဇာခါ အချိန်မီ ပြန်လည်သက်သာလာနိုင်ပါတယ်။