
ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖို့ နီးစပ်လာတဲ့ အလွန်ဆို
လေဗာကူဆင်အမှုဆောင်ချုပ် ဖာနန်ဒိုကာရိုးက အသင်းရဲ့နည်းပြ ဇာဘီအလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ပြီး ကားလို့စ်အန်ဆယ်လော့တီနေရာမှာ ဆက်ခံဖို့ အလားအလာရှိနေကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။
The Athletic သတင်းဌာနရဲ့အဆိုအရ အန်ဆယ်လော့တီဟာ ယခုနှစ်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာပြီး ၂၀၂၆ ကမ္ဘာ့ဖလား ပါဝင်ယှဉ်ပြိုင်သွားမယ့် ဘရာဇီးလက်ရွေးစင်အသင်းကို အပြီးသတ်ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။ အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာလည်း ဘရာဇီးဘောလုံအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေဟာ အန်ဆယ်လော့တီနဲ့ တွေ့ဆုံခဲ့ပြီး ကမ်းလှမ်းမှုအချို့ပြုလုပ်ခဲ့တယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
အန်ဆယ်လော့တီတစ်ယောက် ဆန်တီယာဂိုဘာနေဗျူးကို စွန့်ခွာဖို့ နီးစပ်လာတဲ့တစ်ပြိုင်နက် တစ်ဖက်မှာ အလွန်ဆိုကလည်း အသင်းဟောင်းသို့ နည်းပြအနေနဲ့ ပြန်လည်ရောက်ရှိဖို့ အလားအလာများနေကြောင်း လေဗာကူဆင် အမှုဆောင်ချုပ်က ပြောကြားလာခဲ့တာဖြစ်ပါတယ်။
ကာရိုးက "သူ့မှာ အသင်းကနေထွက်ခွာဖို့အတွက် စာချုပ်တော့မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကြားမှာ လူကြီးလူကောင်းဆန်တဲ့ သဘောတူညီချက်ရှိပါတယ်။ သူကစားခဲ့ဖူးတဲ့ အသင်းဟောင်းက သူ့ကိုကမ်းလှမ်းမှုပြုလုပ်လာခဲ့ရင် ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး သူ့ရဲ့လမ်းကြောင်းကိုတော့ တားဆီးသွားမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ လေဗာကူဆင်ဟာ အော့စ်ဘတ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လောလောဆယ်မှာတော့ အလွန်ဆိုတစ်ယောက် အဆိုပါပွဲစဉ်မှာ နိုင်ပွဲရဖို့အတွက်သာ အာရုံစိုက်သွားရမှာဖြစ်ပါတယ်။