အော့စ်ဘတ်နဲ့သရေပွဲစဉ်အပြီး နူအာကို အားပေးထောက်ခံလိုက်တဲ့ ကွန်ပနီ
အော့စ်ဘတ်နဲ့ တဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်အပြီး ကွန်ပနီက သူ့အသင်းရဲ့ အခွင့်အရေးလွဲချော်မှုတွေနဲ့ ဂိုးသမားနူအာရဲ့အမှားအပေါ် သုံးသပ်ပြောကြားလိုက်ပါတယ်။
အခုပွဲစဉ်မှာ လက်ရှိချန်ပီယံတွေက ၂-၁ ဂိုးဖြင့် အရေးနိမ့်နေချိန် ဘရောင်းရဲ့ပွဲချိန်မိနစ် ၈၀ ချေပဂိုးကြောင့် ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားဒုတိယနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
အခုလိုရလဒ်ထွက်ပေါ်ခဲ့ပေမဲ့လည်း အဝေးကွင်းဧည့်သည်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်က ဒုတိယပိုင်းပွဲချိန်အများစုမှာ ပြိုင်ဘက်ကို လွှမ်းမိုးကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့သလို လူကျွံဘောဆုံးဖြတ်ချက်ကြောင့် သွင်းဂိုးပယ်ဖျက်ခံရတာတွေလည်း ရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး ကွန်ပနီက "သေချာတာပေါ့၊ ကျွန်တော်တို့အတွက် ပိုကောင်းတဲ့ အစပြုမှုကို လိုချင်ခဲ့ပါတယ်။ ဒီလိုအရာမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိပြီး ဒါကို ပြောင်းလဲလို့ မရဘူးဆိုတာ သိနားလည်နိုင်လောက်အောင် ကျွန်တော် ဘောလုံးကို အများကြီးကစားခဲ့ဖူးပါတယ်" လို့ ပြောပါတယ်။
အခုပွဲစဉ်ရဲ့ပွဲအစ ၈ စက္ကန့်မှာတင် ဂိုးသမားနူအာရဲ့အမှားကို အသုံးချကာ အော့စ်ဘတ်ကစားသမားဖဲလ်ဟာဝါက ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။
အခုလိုဖြစ်ခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက နူအာကို ကာကွယ်ပေးခဲ့ပြီး "ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သူ သိသလို ကျွန်တော်တို့က အသင်းတစ်ခုအဖြစ် အတူတကွ ရပ်တည်နေကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
လာမယ့်အင်္ဂါနေ့၊ ဗိုက်ကင်းနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ နူအာကို အနားပေးပြီး အာဘစ်ကို ပွဲထုတ်သွားမလား အဖြေပေးဖို့အတွက် ကွန်ပနီက ငြင်းဆန်သွားပါတယ်။