The network connection is lost.

Banner Image

အနီကတ်ထိခဲ့တဲ့အမှားမှတဆင့် သင်ခန်းစာယူသွားဖို့ အဆန်စီယိုကို ပြောကြားလိုက်တဲ့ အလွန်ဆို

ပါချူကာကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အတွင်း အဆန်စီယိုရဲ့အနီကတ်ပြစ်ဒဏ်အတွက် ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက ပြတ်သားတဲ့တုံ့ပြန်မှုတစ်ခု ပြုလုပ်လာခဲ့ပါတယ်။ စပိန်ထိပ်သီးကလပ်အသင်းက ကစားသမားဟောင်းရဲ့ဦးဆောင်မှုအောက် ပထမဆုံးနိုင်ပွဲကို ရရှိခဲ့ပေမယ့် ဒီနိုင်ပွဲကို ရရှိဖို့ မြောက်ကယ်ရိုလိုင်းနားဒေသမှာ ခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။

အခုပွဲစဉ်မှာ အလွန်ဆိုက အယ်လ်ဟီလယ်နဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်ရဲ့ပွဲထွက်လူစာရင်းကို တစ်နေရာသာ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Bank of America အားကစားကွင်းရဲ့ ပွဲအစခုနစ်မိနစ်အကြာမှာပဲ အဆန်စီယို တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ထိခဲ့လို့ အလွန်ဆိုရဲ့ပွဲချဉ်းကပ်ပုံအစီအမံတွေ အကျပ်ရိုက်သွားပါတယ်။

နောက်ခံလူက ပြိုင်ဘက်တိုက်စစ်မှူးရွန်ဒွန်ရဲ့အပိုင်ဂိုးကန်သွင်းခွင့်ကိုတားဆီးရာမှာ ပြစ်ဒဏ်ကျူးလွန်မိလို့ ကွင်းလယ်ဒိုင်ရာမွန်အဘတ်တီအေဘယ်လ်ရဲ့ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ကို ချက်ချင်းရရှိသွားပါတယ်။ အခုလိုဆုတ်ယုတ်မှုတွေ ရှိပေမယ့် အလွန်ဆိုရဲ့အသင်းက ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဘယ်လင်ဟမ်၊ အာဒါဂူလာတို့ရဲ့သွင်းဂိုးတွေနဲ့ ပွဲစဉ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစတင်လာချိန်မှာလည်း ပါချူကာရဲ့တစ်လုံးတည်းသောချေပဂိုးမတိုင်ခင် ဗယ်လ်ဗာဒီက ရီးရဲလ်မက်ဒရစ်အတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က အုပ်စုအဆင့်လွတ်မြောက်ရေးအတွက် အလွန်အရေးပါနေတဲ့ ဆဲလ်ဘတ်နဲ့ပွဲစဉ်ကို ဇွန် ၂၇ ရက်၊ ဖီလာဒဲလ်ဖီးယားမှာ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။ အလွန်ဆိုကတော့ သူ့ရဲ့ခံစစ်မှူးအပေါ် ဝေဖန်မှုများစွာ မပြုလုပ်ပေမယ့် ဒါမျိုးအမှားကို နောက်တစ်ကြိမ်ပြုလုပ်ခွင့် မပေးနိုင်ဘူးလို့ အတိအလင်းပြောဆိုလိုက်ပါတယ်။

ပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်နည်းပြက “ အဆန်စီယိုနဲ့ ကျွန်တော် စကားပြောသွားပါမယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အခုလိုအတွေ့အကြုံမှတဆင့် သူကိုယ်တိုင်သင်ယူသွားဖို့ လိုအပ်တယ်ဆိုတာပါပဲ။ အဆန်စီယိုကိုယ်တိုင်လည်း ဒီလိုအမှားမျိုး မကျူးလွန်သင့်ပါဘူး။ ဒါကို သူသိထားဖို့သာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ပွဲချိန်အစောပိုင်းမှာ အခွင့်အရေးတွေဖန်တီးဖို့သာ လိုအပ်ပြီး အနီကတ်ပြစ်ဒဏ်ထိုက်သင့်စေမယ့် အမှားမျိုး မကျူးလွန်ရပါဘူး။ အဆန်စီယိုက လူငယ်တစ်ဦးဖြစ်ပြီး ဒါက သူ့ရဲ့အနာဂတ်အတွက် လေ့လာသုံးသပ်သွားရမယ့် အတွေ့အကြုံတစ်ခုသာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။