
ရီးရဲလ်မက်ဒရစ်နည်းပြ ထွက်မသွားပါက အသင်းပြောင်းရွှေ့ရန် ပြင်ဆင်ထားကြောင်း ဖွင့်ဟပြောကြားလိုက်တဲ့ ဂျိုနပ်စ်ဟော့ဖ်မန်း
ဘေယန် လေဗာကူဆင် ကစားသမား ဂျိုနပ်စ် ဟော့ဖ်မန်း ဟာ နည်းပြဟောင်း ဇာဘီ အလွန်ဆို ကို စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့ပြီး နည်းပြသာ ရီးရဲလ်မက်ဒရစ် သို့ ထွက်ခွာသွားခြင်း မရှိပါက သူ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားခဲ့မှာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၂၄-၂၅ ရာသီရဲ့ ဒုတိယပိုင်းမှာ အရန်ကစားသမားဘဝကို ရောက်ရှိခဲ့ပြီးနောက် တိုက်ရိုက်ဆက်သွယ်မှု မရှိတဲ့အတွက် နည်းပြဟောင်းကို လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။ သူက Kolner Stadt-Anzeiger ကို ပြောကြားရာမှာ ပွင့်လင်းပြီး ရိုးသားတဲ့ ဆက်သွယ်မှု ကို မျှော်လင့်ခဲ့သော်လည်း စပိန်နည်းပြရဲ့ ချဉ်းကပ်မှုအပေါ် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
အလွန်ဆိုရဲ့ လေဗာကူဆင်မှာ တာဝန်ယူမှုဟာ သမိုင်းဝင် ဘွန်ဒက်စ်လီဂါ ဖလားရယူခြင်းအတွက် ချီးကျူးခံခဲ့ရပေမဲ့ ဟော့ဖ်မန်းရဲ့ မှတ်ချက်တွေကတော့ ကွင်းနောက်ကွယ်က မတည်ငြိမ်မှုတွေကို ဖော်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ကွင်းလယ်လူဟာ ၂၀၂၃-၂၄ ရာသီမှာ ၄၆ ပွဲ ကစားခဲ့ရပေမဲ့ နောက်ရာသီမှာတော့ လိဂ်ပွဲလေးပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ သူ့ရဲ့ စိတ်ပျက်မှုဟာ အသင်းရဲ့ အောင်မြင်မှုရှိခဲ့သော်လည်း ကစားသမားအားလုံးက အလွန်ဆိုရဲ့ ဦးဆောင်မှုအောက်မှာ အဆင်ပြေခဲ့တာ မဟုတ်ဘူးဆိုတာကို ဖော်ပြနေပါတယ်။ နည်းပြသစ် အဲရစ် တန်ဟက် ရောက်ရှိလာတဲ့အတွက် ကစားသမားဟာ ပွဲထွက် ၁၁ ယောက်စာရင်းမှာ နေရာအတွက် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပါပြီ။
ဟော့ဖ်မန်းက လေဗာကူဆင် နည်းပြဟောင်းရဲ့ ခေါင်းဆောင်မှုပုံစံ၊ အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ ကစားသမားတွေနဲ့ ပွင့်လင်းစွာ ဆက်သွယ်မှုမရှိတာကို ပစ်မှတ်ထား ဝေဖန်ခဲ့ပါတယ်။ "နည်းပြတစ်ဦးက တစ်ခုခုကို သတိပြုမိရင် တိုက်ရိုက်ပြောဆိုသင့်တယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ပွင့်လင်းပြီး တိုက်ရိုက် ဆက်သွယ်မှုကို ကျွန်တော် မျှော်လင့်တယ်။ နည်းပြတစ်ဦးအနေနဲ့ ဒီအတွက် နှစ်ပတ်ထက် ပိုမစောင့်သင့်ဘူး။ ဘာလို့လဲဆိုတော့ နည်းပြတစ်ဦးအနေနဲ့ လေ့ကျင့်ရေးအဆင့်ကို မြှင့်တင်ဖို့အတွက် ကစားသမားတွေ အကောင်းဆုံးအနေအထားမှာ ရှိနေတာကို လိုချင်လို့ပါပဲ။ ပြိုင်ဆိုင်မှုကတော့ အမြဲတမ်းရှိနေဖို့ လိုတယ်၊ ဒါက ရှင်းပါတယ်။ နည်းပြဆီကနေ နည်းနည်း ပိုပြီး မျှော်လင့်ခဲ့ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
"နည်းပြအသစ်၊ အခွင့်အလမ်းအသစ်ပါပဲ။ ကျွန်တော်က ဘွန်ဒက်စ်လီဂါရဲ့ ကလေးတစ်ယောက်ပါ။ ကျွန်တော် ပြန်လည်တိုက်ပွဲဝင်မှာပါ။ ကျွန်တော် အဆင်ပြေပါတယ်။ ဒါပေမဲ့ ဇာဘီ အလွန်ဆို လက်အောက်မှာဆိုရင်တော့ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့မိမှာပါ။ကိုယ်ရေးကိုယ်တာအရဆိုရင် ပြီးခဲ့တဲ့ရာသီကို ပိတ်ပြီးတော့ ထပ်ထုတ်မကြည့်ချင်ပါဘူး။ အဲဒီမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေ၊ ဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာ ကျွန်တော့်အတွက် အရမ်းစိတ်ပျက်စရာကောင်းခဲ့တယ်။ အဲဒါက ကျွန်တော် ရည်ရွယ်ထားတဲ့အရာ မဟုတ်ပါဘူး" လို့ သူက ပြောကြားခဲ့ပါတယ်။
ဟော့ဖ်မန်းဟာ တန်းဟက်လက်အောက်မှာ သူ့ရဲ့ ခြေစွမ်းကို ပြန်လည်ရယူဖို့ ဆုံးဖြတ်ထားပြီး အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်မှာ စိန်ခေါ်မှုကတော့ လေဗာကူဆင်ကစားသမားရဲ့ တိုင်ကြားချက်တွေသာ မှန်ကန်ပါက ကစားသမားဆက်ဆံရေးကို တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နိုင်ပါတယ်။