The network connection is lost.

Banner Image

ဗင်နီစီးယက်စ်အရန်ခုံထိုင်ရမှုနဲ့ပတ်သက်လို့ မေးခွန်းတွေကို တုံ့ပြန်လာတဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက ဗင်နီစီးယက်စ်ရဲ့ကျော်ကြားမှုကြောင့် အထူးအခွင့်အရေးပေးဖို့ မရှိဘူးလို့ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။

 ဘရာဇီးသားက မာဆေးလ်နဲ့ပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ရပြီး အခုရာသီ၊ ငါးပွဲကစားပြီးချိန် နှစ်ကြိမ်ပွဲထွက်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါက ၂၀၁၉ ခုနှစ်နောက်ပိုင်း ရီးရဲလ်မက်ဒရစ်ရဲ့ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ ဗင်နီးစီးယက်စ် ပွဲထွက်ခွင့်မရရှိတဲ့ ဒုတိယအကြိမ်မြောက်အခိုက်အတန့် ဖြစ်ပါတယ်။ ဒါ့အပြင် အပြောင်းအလဲရဲ့ပြင်းအားကို ကိုယ်စားပြုနေလို့ အလွန်ဆိုရဲ့ရွေးချယ်မှုတွေကို ဗင်နီးစီးယက်စ် မနှစ်သက်တော့ဘူးဆိုတာ မြင်ကွင်းတွေမှာ မြင်တွေ့လာရပါတယ်။ 

ဒါကြောင့် အက်စ်ပန်ညိုနဲ့ပွဲစဉ်မတိုင်ခင် သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဗင်နီးစီးယက်စ်ရဲ့လက်ရှိအခြေအနေတွေက အလွန်ဆိုအတွက် အဓိကပြောစရာအချက်တွေအနက် တစ်ခုအဖြစ် သဘာဝကျကျပါဝင်လာခဲ့ပါတယ်။ 

ဗင်နီးစီးယက်စ်နဲ့ပတ်သက်လို့ မေးမြန်းလာမှုကို အလွန်ဆိုက “ သူနဲ့ကျွန်တော် မနေ့တုန်းက တွေ့ခဲ့ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဆွေးနွေးဖို့ အချိန်မတန်သေးပါဘူး။ ဒီနေရာမှာ အလိုအလျောက်သိရှိနေဖို့ အနည်းငယ်လိုအပ်ပြီး ဒါကိုလည်း ဒီနေ့တော့ အနည်းငယ်ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အခုမှ ငါးပွဲပဲ ကစားရပါသေးတယ်။ မေလမတိုင်ခင်အထိ မာရသွန်ခရီးရှည်ကြီးတစ်ခု ကျန်ရှိနေပါသေးတယ်။ တစ်ဆင့်ပြီးတစ်ဆင့်ပဲ လုပ်ဆောင်သွားရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဗင်နီးစီးယက်စ်ရဲ့အကောင်းဆုံးပုံစံရရှိဖို့ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတဲ့ မေးခွန်းကို အလွန်ဆိုက “ ဗင်နီးစီးယက်စ်က ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ မနေ့တုန်းကတော့ သူနဲ့စကားပြောဖို့ အချိန်မရရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေ့တော့ သူ့ကိုကြည့်ရတာ ပိုပြီးအပေါင်းလက္ခဏာဆောင်နေသလို ပိုပြီးလည်း ပြုံးပျော်နေပါတယ်။ ကျွန်တော် သူနဲ့စကားအများကြီး မပြောဖြစ်ခဲ့ပါဘူး။ တစ်ဦးချင်းလေ့ကျင့်ခန်းအချို့ကိုပဲ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပါတယ်။ မနက်ဖြန်ကျရင် တွေ့ရမှာပေါ့”လို့ တုံ့ပြန်ခဲ့ပါတယ်။

အခုလိုအခြေအနေကြောင့် ဗင်နီးစီးယက်စ်အပေါ် အနုတ်သဘောဆောင်တဲ့သက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း အလွန်ဆိုက “ အဆင့်အတန်း၊ အတွေ့အကြုံ၊ မှတ်တမ်းမှတ်ရာနဲ့ ကျွန်တော်တို့အတွက် ပေးဆပ်ခဲ့မှုသမိုင်းကြောင်းတွေအပေါ် မူတည်ပြီး အသင်းလူစာရင်းမှာ ကျွန်တော့်အတွက် အရေးပါသူတွေ အများကြီးရှိပါတယ်။ ဗင်နီးစီးယက်စ်ကလည်း သူတို့တွေအနက် တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်က လူတိုင်းအပေါ် တန်ဖိုးထားပြီးတော့ အသင်းအတွက်သာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကို ခံစားမိစေချင်ပါတယ်။ တူညီတဲ့ရည်မှန်းချက်ဆီ ရောက်ရှိဖို့ လူတိုင်းကို လိုအပ်ပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။