ဗင်နီစီးယက်စ်ရဲ့စွပ်စွဲချက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ယူအီးအက်ဖ်အေ ကြေညာ
အင်္ဂါနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဘင်ဖီကာကစားသမားပရက်စတီယန်နီရဲ့ လူမျိုးရေးခွဲခြားစော်ကားမှုတစ်ခုကို ခံစားခဲ့ရတယ်ဆိုတဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဗင်နီစီးယက်စ်ရဲ့စွပ်စွဲချက်အပေါ် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က စတင်စုံစမ်းစစ်ဆေးနေပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာ ဗင်နီစီးယက်စ်ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေချိန် ဘင်ဖီကာကစားသမားတွေ သူ့အပေါ် မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ အဲဒီနောက် ဒိုင်လူကြီးဖရန်ကိုအစ်လီတက်စီယာက UEFA ရဲ့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးလုပ်ထုံးလုပ်နည်းတွေအတိုင်းဆောင်ရွက်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်ကို ၁၀ မိနစ်ခန့် ရပ်နားထားခဲ့ပါတယ်။
နှစ်ဖက်အသင်းကစားသမားတွေအကြား အခြေအတင်ဖြစ်နေချိန် ဗင်နီစီးယက်စ်က ပရက်စတီယန်နီရဲ့ အနားမှ ဖြတ်လျှောက်သွားခဲ့ပြီးနောက် ဒိုင်လူကြီးဆီ ချက်ချင်းသွားပြီး အဖြစ်အပျက်ကို တိုင်တန်းခဲ့ပါတယ်။
တဖက်မှာလည်း ဗင်နီစီးယက်စ်ကို ပရက်စတီယန်နီကိုယ်တိုင် "မျောက်" လို့ ငါးကြိမ်တိုင်တိုင် ခေါ်ဝေါ်စော်ကားခဲ့မှုကို ကိုယ်တိုင်ကြားသိခဲ့တယ်လို့ အမ်ဘာပေက ဆိုပါတယ်။
အသက် ၂၀ နှစ်အရွယ် ပရက်စတီယန်နီကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ " ဗင်နီးစီးယက်စ်ကို လူမျိုးရေးခွဲခြားတဲ့စကားလုံး တစ်ခွန်းမှမပြောခဲ့ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ သူ ကြားလိုက်ရတယ်လို့ထင်တာက နားလည်မှုလွဲသွားတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ဘယ်သူ့ကိုမှ လူမျိုးရေးအရ မစော်ကားခဲ့ဖူးသလို ရီးရဲလ်မက်ဒရစ်ကစားသမားရဲ့ခြိမ်းခြောက်မှုတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်" လို့ ပရက်စတီယန်နီက ဆိုပါတယ်။
တကယ်လို့ ပရက်စတီယန်နီသာ လူမျိုးရေးစော်ကားမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိရရင် UEFA ရဲ့ စည်းမျဉ်းအရ အနည်းဆုံး ၁၀ ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဘင်ဖီကာတို့က ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ဒုတိယအကျော့အဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့၊ ဘာနေဗျူးကွင်းမှာ ထပ်မံရင်ဆိုင်သွားရပါမယ်။