The network connection is lost.

Banner Image

ဗင်နီစီးယက်စ်ဖြစ်စဉ်အတွက် တစ်ပွဲပယ်ပြစ်ဒဏ်သာ ကျခံရမယ့် ဘင်ဖီကာကစားသမားပရက်စတီယန်နီ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီစီးယက်အပေါ် လူမျိုးရေးခွဲခြားစော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဘင်ဖီကာကစားသမားပရက်စတီယန်နီကို ယာယီအားဖြင့် တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဘင်ဖီကာအသင်းကတော့ အမှုကို စုံစမ်းစစ်ဆေးနေဆဲကာလမှာ သူတို့ရဲ့ကစားသမားကို အသုံးမပြုနိုင်မှုအပေါ် စိတ်မကောင်းဖြစ်ရပုံနဲ့ ယူအီးအက်ဖ်အေ(UEFA)ရဲ့ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ်လို့ တနင်္လာနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဗင်နီစီးယက်စ်အဖွင့်ဂိုးသွင်းယူပြီးချိန် နှစ်ဖက်ကစားသမားတွေကြား အခြေအတင်စကားများခဲ့ကြစဉ် ပရက်စတီယန်နီက သူ့ရဲ့ဂျာစီအင်္ကျီနဲ့ပါးစပ်ကိုအုပ်ထားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်ဗင်နီစီးယက်စ်ကတော့ လူမျိုးရေးခွဲခြားစော်ကားခံရတယ်ဆိုပြီး ဒိုင်လူကြီးဖရန်ကိုအစ် လက်တီစီယေးဆီ တိုင်ကြားခဲ့ပါတယ်။ ဒါကြောင့် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးစည်းမျဉ်းတွေအရ ပွဲကို ၁၀ မိနစ်ကြာရပ်နားခဲ့ရပြီး သူနဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားတွေ ကွင်းတွင်းမှ ခေတ္တထွက်ခွာသွားခဲ့ကြပါတယ်။

ပရက်စတီယန်နီကတော့ လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေ မပြောခဲ့ဘူးလို့ ငြင်းဆိုထားပြီး မက်ဒရစ်ကစားသမားက ကြားသိရမှုအပေါ် အထင်အမြင်လွဲမှားသွားခြင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုတော့ ပရက်စတီယန်နီကို တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပြီဖြစ်လို့ မက်ဒရစ်နဲ့ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာ မပါဝင်နိုင်တော့ပါဘူး။ ယူအီးအက်ဖ်အေကတော့ "ခွဲခြားဆက်ဆံမှုဆိုင်ရာစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် ယူအီးအက်ဖ်အေရဲ့ကျင့်ဝတ်နဲ့စည်းကမ်းထိန်းသိမ်းရေးအရာရှိ (EDI) ကို ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးအရာရှိရဲ့တောင်းဆိုချက်အရ ယူအီးအက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီက ဂျန်လူကာ ပရက်စတီယန်နီကို လာမယ့်ယူအီးအက်ဖ်အေကလပ်အသင်းပြိုင်ပွဲတစ်ခုမှာ ယာယီပွဲပယ်ဖို့ ဒီနေ့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ အခုလက်ရှိစုံစမ်းစစ်ဆေးမှုတွေအပြီး ထပ်မံချမှတ်မယ့်ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုမရှိနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်တဲ့အချက်အလက်တွေကို နောက်ပိုင်းမှာ ထပ်မံထုတ်ပြန်သွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။

ဗင်နီစီးယက်စ်ကတော့ ပွဲအပြီးမှာ စကားတစ်ခွန်းမှ မပြောခဲ့ပေမဲ့ သူ့ရဲ့ Instagram မှတဆင့် "လူမျိုးရေးခွဲခြားသူတွေဟာ သူတို့ ဘယ်လောက်တောင်ထိတ်လန့်အားနည်းတယ်ဆိုတာ ပြသဖို့အတွက် ပါးစပ်ကို ဂျာစီအင်္ကျီနဲ့အုပ်ထားရတဲ့ ငကြောက်တွေပါပဲ" လို့ ရေးသားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဘင်ဖီကာနည်းပြဂျိုဆေးမော်ရင်ဟိုက အသင်းရဲ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းနေရလို့ မက်ဒရစ်မှာကစားမယ့်ပွဲစဉ်မတိုင်ခင်ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပါတယ်။