The network connection is lost.

Banner Image

ရိုဒရီဂိုမပါရင် အသင်းကပိုကောင်းတယ်လို့ ပြောကြားလာတဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုဟာ အာဆင်နယ်ကပစ်မှတ်ထားနေတဲ့ အသင်းရဲ့တောင်ပံကစားသမား ရိုဒရီဂိုကို ပီအက်စ်ဂျီနဲ့ပွဲမှာချန်လှပ်ခဲ့ခြင်းမှာ နည်းစနစ်အရသာဖြစ်တယ်လို့ဆိုပြီး ဘရာဇီးသားမပါဝင်ခြင်းက အသင်းအတွက်ပိုကောင်းတယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

အာဆင်နယ်ရဲ့ချိတ်ဆက်မှုတွေကြောင့် ရိုဒရီဂိုရဲ့ရီးရဲလ်မက်ဒရစ်ကစားသမားဘဝအနာဂတ်ဟာ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အပြင် ယခုအခါမှာ အလွန်ဆိုကပါ ကစားသမားကို တောက်လျှောက်ချန်လှပ်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အလားအလာများလာခဲ့ပြီဖြစ်ပါတယ်။ 

ရိုဒီရီဂိုဟာ အယ်လ်ဟီလယ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ပါဝင်ကစားခွင့်ရခဲ့ပေမယ့် အသင်းရဲ့နောက်ဆုံး ၅ ပွဲမှာတော့ စုစုပေါင်း ၂၇ မိနစ်သာ ကစားခဲ့ရသလို၊ ပီအက်စ်ဂျီကို ၄-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အရန်ခုံသာထိုင်နေခဲ့ရပါတယ်။ 

ဒါကြောင့် ရိုဒရီဂိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိနေပေမယ့် အလွန်ဆိုကတော့ ကစားသမားကို ချန်လှပ်ခဲ့ခြင်းမှာ နည်းစနစ်အရသာဖြစ်တယ်လို့ဆိုပါတယ်။ စပိန်သားနည်းပြက "ကျွန်တော် ရိုဒရီဂိုကိုမထည့်ခဲ့တာ နည်းစနစ်အရ ဆုံးဖြတ်ချက်ပါ။ သူမပါဘဲ အခြားကစားသမားတွေကိုအသုံးပြုရင် အသင်းက ပိုကောင်းမယ်လို့ယူဆခဲ့ပါတယ်။ သူ့ရဲ့အနာဂတ်နဲ့မဆိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

အလွန်ဆိုအနေနဲ့ ရိုဒီရီဂိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်မပေးခဲ့ပေမယ့် ဘရာဇီးသားဟာ ဒီနွေရာသီမှာ ဆန်တီယာဂိုဘာနေဗျူးမှ ပေါင် ၆၇ သန်းနဲ့ထွက်ခွာသွားတော့မယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းမှာလည်း ရိုဒရီဂိုရဲ့ ကိုယ်စားလှယ်တွေဟာ ပရီးမီးယားလိဂ်ကလပ် အချို့နဲ့ ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

လောလောဆယ်မှာတော့ ကစားသမားကို ခေါ်ယူဖို့ ဖြစ်နိုင်ချေအရှိဆုံးက အာဆင်နယ်ဖြစ်နေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်ဟာ ချဲလ်ဆီးတောင်ပံကစားသမား နိုနီမာဒူကီကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေရရှိထားပြီလို့သိရပါတယ်။ ချဲလ်ဆီးကတော့ မာဒူကီအတွက် ပေါင် ၅၅ သန်းအထိ အလိုရှိနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။