
စာချုပ်သစ်ကိစ္စအတွက် အသင်းနဲ့ချက်ချင်းဆွေးနွေးဖို့တောင်းဆိုလိုက်တဲ့ အာဆင်နယ်စတား
ရီးရဲလ်အသင်းဘက်က အသည်းအသန်စိတ်ဝင်စားနေတာကြောင့် အာဆင်နယ်နောက်ခံလူ ဆာလီဘာတစ်ယောက် အသင်းနဲ့စာချုပ်သစ်ကိစ္စချက်ချင်းဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဆာလီဘာရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်အသင်းဘက်က ထက်ဝက်ကြေးနဲ့ခေါ်ယူဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။ အေအက်စ်သတင်းဌာနရဲ့အဆိုအရ ရီးရဲလ်အသင်းဟာ ဆာလီဘာအခြေအနေကို စောင့်ကြည့်နေပြီး ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အလာဘာ နဲ့ ရူဒီဂါတို့ဟာ လာမယ့်နွေမှာ ထွက်ခွာမှာဖြစ်တာကြောင့် ရီးရဲလ်ဘက်က ကြိုတင်ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဆာလီဘာ နဲ့ အာဆင်နယ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိကျန်ရှိနေပေမယ့် လက်ရှိအချိန်အထိ စာချုပ်သစ်မချုပ်ဆိုရသေးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အင်ဒီကာလီယာသတင်းဌာနကတော့ ဆာလီဘာရဲ့ကိုယ်စားလှယ်တွေဟာ စာချုပ်သစ်ကိစ္စအတွက် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြင်သစ်သားဟာ အာဆင်နယ်မှာဆက်နေဖွယ်ရှိနေပြီး လုပ်ခလစာတိုးတောင်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းက လီဗာပူးနောက်ခံလူ ကိုနာတေးကိုလည်း ပစ်မှတ်ထဲထည့်ထားပြီး ဆာလီဘာကတော့ ထိပ်တန်းပစ်မှတ်ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆာလီဘာတစ်ယောက် လီဗာပူးနဲ့ပွဲကရခဲ့တဲ့ခြေကျင်းဝတ်ဒဏ်ရာကြောင့် နားနေရပြီး လာမယ့်စီးတီးနဲ့ပွဲမှာလည်း ပါဝင်နိုင်ချေနည်းပါးနေပါတယ်။