
အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အာဆင်နယ်စတား
အာဆင်နယ်နောက်ခံလူ ဆာလီဘာက သူ့အနေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလျင်လိုမှာမဟုတ်သလို အာဆင်နယ်မှာကစားရတာကို ချစ်မြတ်နိုးတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ပြင်သစ်သားဟာ အာဆင်နယ်အသင်းရဲ့ခံစစ်မှာနောက်ထပ်စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ချန်ပီယံလိဂ်အိပ်မက်က မပြီးဆုံးသေးတာဖြစ်ပါတယ်။
ဆာလီဘာရဲ့စာချုပ်သက်တမ်းက ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်အသင်းက အသက် ၂၃ နှစ်သားကို ချိတ်ဆက်နေပါတယ်။ အာဆင်နယ် နဲ့ ဆာလီဘာတို့ကြား စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးပေမယ့် မဖြစ်မနေကာကွယ်ရမှာဖြစ်ပြီး အားကစားဒါရိုက်တာ ဘာတာလည်း ရောက်လာပြီဖြစ်တာကြောင့် ဆက်ထိန်းနိုင်ဖို့ ကြိုးစားဖွယ်ရှိနေပါတယ်။
ပီအက်စ်ဗွီနဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမတိုင်ခင် ဆာလီဘာက “ကျွန်တော် ဒီမှာအရမ်းပျော်နေပါတယ်။ ကျွန်တော် ဒီမှာဆက်နေချင်ပါတယ်။ စာချုပ်သစ်အတွက်တော့ မပြောရသေးပါဘူး။ အလျင်လိုတာလည်းမရှိပါဘူး။ ကျွန်တော် ဒီမှာပျော်နေပါတယ်။ အဲ့တာပါပဲ”လို့ ဆာလီဘာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့သေချာသလောက်ရှိနေတာကြောင့် အဓိကကစားသမားတွေကို အနားပေးမလားဆိုတာတော့ မသိရသေးတာဖြစ်ပါတယ်။
“ကျွန်တော်တို့ တစ်ကြိမ်လုပ်ထားခဲ့ပြီးပါပြီ။ အဲ့တာက အမြဲတမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အရမ်းအကူအညီဖြစ်ပါတယ်။ ပြီးတော့ အသင်းအတွက်လည်း အများကြီးယူဆောင်လာပါတယ်။ ခင်ဗျားအနေနဲ့ အခွင့်အရေးပေးမယ်ဆိုရင် ဘယ်ကစားသမားမဆို ကျေးဇူးတင်နေမှာပါ။အဆုံးသတ်မှာက ခင်ဗျားရဲ့ယုံကြည်မှုရှိတယ်ဆိုတာကို ပြသနေပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမှာ အာတီတာအနေနဲ့ ဘင်ဝှိုက်ကို ပွဲဦးထွက်အသုံးပြုလာဖွယ်ရှိနေပါတယ်။ အင်္ဂလန်သားမရှိချိန်မှာ တင်းဘားက ညာခြမ်းခံစစ်မှာ ခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ “ညာခြမ်းမှာ သူရယ် ၊ ဘူကာယိုရယ် ၊ မာတင်ရယ်က အချိတ်အဆက်မိခဲ့သလို ပြိုင်ဘက်အသင်းတွေကိုလည်း ခြိမ်းခြောက်ထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အဲ့တာကို လွမ်းနေတာပါ။ တင်းဘားက တကယ်ကောင်းတဲ့စွမ်းဆောင်ရည်ကို ပြသထားပါတယ်။ အခုတော့ ကျွန်တော်တို့ နောက်ထပ်ရွေးချယ်စရာပြုလုပ်ရပါမယ်။ သူ(ဘင်ဝှိုက်)က အဆင်ပြေနေပါတယ်။ ဒါပေမယ့် သူ့မှာ ပြဿနာအချို့ရှိနေဆဲပါ။ ကျွန်တော်တို့ သူ့ကို သေချာလေးအဆင်ပြေအောင် လုပ်ဆောင်ရပါမယ်။ ပြဿနာအချို့ရှိနေတာကြောင့် အရဲမစွန့်တာပါ။ ဒါပေမယ့် သူ့အခြေအနေက ပီအက်စ်ဗွီနဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိနေပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။