The network connection is lost.

Banner Image

ယခင်အောင်မြင်မှုထက် အခုတစ်ကြိမ်ပရီးမီးယားလိဂ်အောင်ပွဲက ပိုမိုထူးခြားတယ်လို့ ခံစားမိနေတဲ့ မိုဆာလက်

လီဗာပူးအသင်းရဲ့ ၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲက နည်းပြဟောင်းလက်အောက် ယခင်အောင်မြင်မှုထက် ဘာကြောင့်ပိုမိုထူးခြားနေသလဲဆိုတာကို မိုဆာလက်ကိုယ်တိုင် ရှင်းလင်းပြောကြားခဲ့ပါတယ်။ ယမန်နေ့ညပိုင်း၊ တော့တင်ဟမ်ကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မိုဆာလက်က သူ့ရဲ့ မယုံကြည်နိုင်စရာဂိုးပါဝင်ပတ်သက်မှုမှတ်တမ်းနဲ့အတူ လီဗာပူးကို ၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ချန်ပီယံဆုဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ အသက်-၃၂ နှစ်အရွယ်ကစားသမားက ဂိုးပါဝင်ပတ်သက်မှု ၄၆ ကြိမ်အထိ စွမ်းဆောင်ကာ မန်စီးတီးဂန္တဝင်အဂူရိုကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့ပဉ္စမနေရာမှာ ရပ်တည်လာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းကလည်း မိုဆာလက်က နှစ်ပေါင်း ၃၀ အတွင်း လီဗာပူးအသင်းရဲ့ ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်အောင်ပွဲမှာ အဓိကအရေးပါတဲ့ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက နည်းပြသစ်နဲ့အတူ လိုက်လျောညီထွေမှုရှိအောင် ကြိုးစားရင်း အန်ဖီးလ်မှာ သူ့ရဲ့အရေးပါမှု ဘယ်လောက်အထိကြီးမားသလဲဆိုတာ အသင်းကိုယ်တိုင်ပြသပေးခဲ့လို့ အခုဘောလုံးရာသီအောင်ပွဲဟာ  ပိုမိုထူးခြားတယ်လို့ ခံစားမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

BBC Sport နဲ့တွေ့ဆုံချိန် မိုဆာလက်က “ အံ့သြလောက်စရာပါပဲ။ ပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးနိုင်ခြင်းနဲ့ ဒီအောင်ပွဲမှာ ကျွန်တော့်ရဲ့အကျိုးသက်ရောက်မှုတွေက မယုံကြည်နိုင်စရာ ကောင်းပါတယ်။ ကျွန်တော့်အတွက်တော့ အခုအောင်ပွဲက ပိုမိုထူးခြားပါတယ်။ အခုအသင်းမှာ ယာဂန်ကလော့ပ်လည်း မရှိတော့သလို ကျွန်တော်လေးစားရတဲ့ကစားသမားတွေလည်း မရှိတော့ပါဘူး။ ဒါပေမယ့် နည်းပြသစ်ကိုင်တွယ်တဲ့ အသွင်သစ်အသင်းတစ်ခုနဲ့အတူ ဒီအောင်ပွဲကို ရယူနိုင်မှုက ကျွန်တော်ရဲ့လုပ်နိုင်စွမ်း ဘယ်လောက်ရှိသလဲဆိုတာကို ပြသပေးပါတယ်”လို့ ပြောပါတယ်။

လီဗာပူးကစားသမားဘ၀ ဒုတိယမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်ကို ရရှိတော့မယ့် ကစားသမားခုနစ်ဦးစာရင်းမှာ မိုဆာလက်လည်း ပါဝင်နေပါတယ်။ မိုဆာလက်အပြင် အလီဆင်၊ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်၊ ရော်ဘတ်ဆန်၊ အာနိုးလ်နဲ့ ကာတစ်ဂျုံးစ်တို့က အန်ဖီးလ်မှာ သူတို့ရဲ့ဒုတိယမြောက်ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲကို ဆင်နွှဲသွားကြပါလိမ့်မယ်။ မိုဆာလက်က ဧပြီလဆန်းပိုင်းမှာပဲ လီဗာပူးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုထားပြီး လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံဆုကာကွယ်နိုင်ရေးတိုက်ပွဲကို ပါဝင်သွားပါလိမ့်မယ်။ ကြိုးကြာနီတွေက လာမယ့်သီတင်းပတ်၊ ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အပါအဝင် ရာသီကုန်ဆုံးချိန်အထိ လေးပွဲကစားရပါဦးမယ်။