The network connection is lost.

Banner Image

တိတ်ဆိတ်လွန်းတဲ့ ဝင်ဘာလေကွင်းလို့ ပြောဆိုကာ အင်္ဂလန်ပရိသတ်တွေကို ဝေဖန်လိုက်တဲ့ တူချယ်

သောမတ်စ်တူချယ်က ကြာသပတေးနေ့ညပိုင်း၊ ဝေးလ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တဲ့ အင်္ဂလန်ပရိသတ်တွေကို ရည်ညွှန်းပြီး ဝေဖန်ပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်မှာ ရိုဂျာစ်၊ ဝက်ကင်စ်နဲ့ ဆာကာတို့ရဲ့သွင်းဂိုးတွေက အင်္ဂလန်အသင်းအတွက် နိုင်ပွဲရရှိဖို့ လုံလောက်ခဲ့ပေမဲ့ တူချယ်ကတော့ ပွဲပြီးချိန်မှာ ဝင်ဘာလေကွင်းပရိသတ်တွေကို ဝေဖန်သွားပါတယ်။

နိုင်ပွဲအပြီး ITV သတင်းဌာနနဲ့တွေ့ဆုံချိန် တူချယ်က “ အကောင်းဆုံးလေ့ကျင့်ထားတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ဖို့ ပြင်ဆင်ချိန် တစ်ရက်ခွဲလောက်ပဲ ရရှိခဲ့ပေမဲ့ ကျွန်တော်တို့တွေ အရမ်းကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည် အရမ်းကောင်းခဲ့ပြီး ၃-၀ ဂိုးဆိုတဲ့ရလဒ်ကို အလျှင်အမြန်ဖန်တီးနိုင်ခဲ့ပါတယ်။ တကယ်တော့ လေးဂိုးပြတ်၊ ငါးဂိုးပြတ်အထိတောင် ဖြစ်သွားနိုင်ပါတယ်။ အရမ်းကောင်းပါတယ်။ ပြီးတော့ စတုတ္ထဂိုးနဲ့ ပဉ္စမဂိုးကို မသွင်းယူနိုင်ခဲ့ဘဲ တစ်ကွင်းလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။

တိတ်ဆိတ်လွန်းပါတယ်။ ပရိသတ်တွေပေးလာတဲ့ခွန်အားကို ကျွန်တော်တို့ ဘယ်တုန်းကမှ မရရှိခဲ့ပါဘူး။ ကစားသမားတွေကတော့ ပရိသတ်တွေရဲ့ခွန်အားပေးမှု ကိုရရှိဖို့ အားကုန်ကြိုးစားခဲ့တယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာ ဖြစ်ပေါ်လာတဲ့အရာရာတိုင်းကို ထိန်းသိမ်းနိုင်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အကောင်းဆုံးလုပ်ဆောင်ပြီး နိုင်ပွဲတစ်ခုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ လမ်းကြောင်းမှန်ပေါ်မှာ ခြေတစ်လှမ်းချထားနိုင်ပါပြီ”လို့ ပြောပါတယ်။

အင်္ဂလန်ပရိသတ်တွေဆီမှ ပိုမိုမျှော်လင့်ထားသလားဆိုတဲ့ မေးခွန်းကို တူချယ်က “ ဟုတ်ပါတယ်။ မိနစ် ၂၀ လောက်အတွင်း အခုထက်ပိုပြီး ကျွန်တော်တို့ ဘာတွေလုပ်ပြရဦးမှာလဲ? ကျွန်တော်တို့က ပြိုင်ဘက်ကို အလွတ်တောင် မပေးခဲ့ပါဘူး။ နာရီဝက်လောက်အထိ ဝေးလ်ပရိသတ်တွေရဲ့အသံတွေပဲ ကြားနေရမယ်ဆိုရင် ဝမ်းနည်းစရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းက ဒီနေ့မှာ အခုထက်ပိုတဲ့ အားပေးထောက်ခံမှုတွေနဲ့ ထိုက်တန်ခဲ့လို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ အခုပွဲစဉ်မှာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ ဒီကလန်ရိုက်စ်က ပွဲစဉ်အပြီး မီဒီယာတွေ့ဆုံမှုတာဝန်ထမ်းဆောင်ချိန်မှာ ပိုမိုပါးနပ်တဲ့ချဉ်းကပ်မှုတစ်ခုကို ပြုလုပ်ပြီး ဒုတိယပိုင်းပွဲချိန်အတွင်း ကွင်းတွင်းအငွေ့အသက်တွေ ဘာကြောင့်ကျဆင်းသွားသလဲဆိုတာကို နားလည်ပေးခဲ့ပါတယ်။

ဒီကလန်ရိုက်စ်က “ ပထမပိုင်းပွဲချိန်အတွင်း ကျွန်တော်တို့ သုံးဂိုးသွင်းယူပြီးချိန် ပရိသတ်တွေက ကျွန်တော်တို့အတွက် ရပ်တည်ပေးခဲ့ပါတယ်။ အင်္ဂလန်ပရိသတ်တွေအားလုံးက ဖျော်ဖြေမှုရသကို အပြည့်အ၀ ရရှိချင်ကြပါတယ်။ ဒါကြောင့် ပျင်းစရာကောင်းသွားတဲ့ ဒုတိယပိုင်းပွဲချိန်တွေမှာ ပရိသတ်တွေ ဘာဖြစ်သွားသလဲဆိုတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်။

ဒါပေမဲ့ နည်းပြကတော့ ဒီကိစ္စကို အဝတ်လဲခန်းထဲမှာ ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကိုယ်တိုင်လည်း နိုင်ပွဲတွေနဲ့အတူ ပရိသတ်တွေကို လှုပ်ရှားတက်ကြွနေအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းက လာမယ့်အင်္ဂါနေ့မှာ လတ်ဗီးယားနဲ့ရင်ဆိုင်ဖို့ ရီဂါမြို့ဆီ ခရီးထွက်ခွာရပါလိမ့်မယ်။