The network connection is lost.

Banner Image

ဘရူနိုလိုကစားသမားတွေ အသင်းမှာအများကြီးလိုအပ်နေတယ်လို့ဆိုလိုက်တဲ့ အာမိုရင်

တနင်္ဂနွေနေ့ညက အာဆင်နယ်ကို ၁-၁ နဲ့သရေကျပြီးနောက် ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းမှာ ဘရူနိုဖာနန်ဒက်စ်လို ကစားသမားတွေ အများကြီးလိုအပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာယှဉ်ပြိုင်ခဲ့တဲ့ ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားဟာ ၃ ရာသီဆက်တိုက်ယူနိုက်တက်အတွက် သွင်းဂိုး+ဂိုးဖန်တီးမှု ၂၅ ကြိမ်နဲ့အထက်ပြုလုပ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ 

ယခုရာသီ ယူနိုက်တက်မှာ တည်ငြိမ်တဲ့ခြေစွမ်းနဲ့ အသင်းကိုအကူအညီပေးနိုင်ဆုံးကစားသမားမှာ ဖာနန်ဒက်စ်ဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ တသမတ်တည်းဖြစ်တဲ့ခြေစွမ်းကို တောက်လျှောက်ထိန်းသိမ်းထားကာ လိုအပ်ပါက ဂိုးတွေပါသွင်းယူပေးထားနိုင်ပါတယ်။ သို့သော်လည်း အခြားကစားသမားတွေကတော့ ပုံစံကောင်းရဖို့ရုန်းကန်နေရတာကြောင့် ရာသီကုန်ဖို့ ၁၀ ပွဲသာကျန်ရှိတော့ပေမယ့် အာမိုရင်ရဲ့အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာသာရပ်တည်ထားနိုင်တာဖြစ်ပါတယ်။ 

လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ အာမိုရင်တစ်ယောက် ဘယ်ကစားသမားတွေကို အိုးလ်ထရက်ဖို့ဒ်သို့ခေါ်ယူပြီး အသင်းကိုပြောင်းလဲမှုတွေပြုလုပ်သွားမလဲဆိုတာ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက်အနေနဲ့ ဥရောပဝင်ခွင့်ရဖို့က မသေချာတဲ့အခြေအနေမှာရှိနေလို့ ဥရောပကြယ်ပွင့်တွေကို ဆွဲဆောင်နိုင်ဖို့ အခက်ကြုံနိုင်ပါတယ်။ 

အာမိုရင်က "ကျွန်တော်ပြောချင်တာကတော့ အသင်းမှာ ဘရူနိုလိုကစားသမားတွေ အများကြီးလိုအပ်နေတယ်ဆိုတာပါပဲ။ သူ့မှာရှိတဲ့ စရိုက်၊ စွမ်းဆောင်ရည်နဲ့ အသင်းအတွက်အဆင်သင့်ဖြစ်မှုတွေက အရမ်းအရေးကြီးပါတယ်။ ပြီးတော့သူက ဘောလုံးကိုင်ထားတဲ့အချိန်မှာရော ဘောလုံးမရှိတဲ့အချိန်တွေမှာပါ ဆုံးဖြတ်ချက်ခိုင်မာတဲ့ကစားသမားပါ" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ 

ဆက်လက်ပြီး ပေါ်တူဂီသားက အာဆင်နယ်နဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ လန်နီယိုရိုရဲ့အခြေအနေနဲ့ သူ့နေရာမှာအစားဝင်လာတဲ့ အေဒင်ဟီးဗန်းရဲ့ခြေစွမ်းအပေါ် မှတ်ချက်ပြုလာခဲ့ပါတယ်။ အာမိုရင်က "ဟီးဗန်းက အေးအေးဆေးဆေးပဲ အပူအပင်မရှိကစားနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေကျရင်တော့ သူက အေးဆေးလွန်းပါတယ်။ လန်နီက ခြေဖဝါးဒဏ်ရာရသွားခဲ့တာပါ။ ကြာသပတေးနေ့ပွဲစဉ်မှာ ပါဝင်နိုင်ပါ့မလား စောင့်ကြည့်ရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ကြာသပတေးနေ့မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ ပထမအကျော့မှာတော့ ၁-၁ နဲ့သရေရလဒ်ထွက်ပေါ်ထားလို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ ယူနိုက်တက်အနေနဲ့ အိမ်ကွင်းမှာမဖြစ်မနေအနိုင်ကစားသွားရပါမယ်။