The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အတွက် ယူနိုက်တက်ဆီ သတိပေးစကားဆိုလာတဲ့ ဇူဘီမန်ဒီ

ဘီလ်ဘာအိုကို အပြတ်အသတ်အနိုင်ယူပြီးနောက် အာဆင်နယ်ကွင်းလယ်ကစားသမားဇူဘီမန်ဒီက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် မန်ချက်စတာယူနိုက်တက်ဆီ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ အမ်းမရိတ်စ်ဖလားဖိုင်နယ်မှာ ဘီလ်ဘာအိုကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဂန်းနားကစားသမားသစ်က အခုလိုပဲ ထုတ်ပြောလာခဲ့တာပါ။ အဲ့ဒီပွဲစဉ်မှာ သူက ယော်ကာရက်စ်ရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဆိုစီဒက်ကြယ်ပွင့်ဟောင်းက ရာသီကြိုကာလကို အမြင့်ဆုံးပုံစံနဲ့အဆုံးသတ်နိုင်ဖို့ အရေးကြီးပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အတွက် ယူနိုက်တက်ဆီ သွားရောက်ရမယ့် ခရီးစဉ်မတိုင်ခင် “အကောင်းဆုံးဆိုတာ မရောက်ရှိလာသေးဘူး”လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် သူက “ ရာသီကြိုကာလကို အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးပုံစံဆိုတာ မရောက်ရှိလာသေးပါဘူး။ အဆုံးမှာတော့ လိဂ်ပြိုင်ပွဲဆိုတာ လိဂ်ပြိုင်ပါပဲ။ ကျွန်တော်တို့က ယှဉ်ပြိုင်မှု ကို ကြိုက်သလို အနိုင်ရရှိမှုကိုလည်း  ကြိုက်ပါတယ်။ အခုလိုပုံစံမျိုးနဲ့စတင်နိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။

အာဆင်နယ်မှာ အခြေကျလာမှုအပေါ် စပိန်သားက “ ဒါ အရမ်းလွယ်ကူခဲ့ပါတယ်။ အသင်းကလည်း ကျွန်တော့်အတွက် လွယ်ကူအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ကျန်တဲ့အသင်းဖော်တွေနဲ့အတူ ကောင်းကောင်းပေါင်းစပ်နိုင်ခဲ့သလို ကွင်းတွင်းကွင်းပြင်မှာရှိကြသူအားလုံးလည်း အလွန်ဖော်ရွေကြပါတယ်။ ဒီကလန်ရိုက်စ်နဲ့ အိုဒီဂတ်တို့ဆိုရင် သူတို့နေရာတွေမှာ အကောင်းဆုံးကစားသမားတွေ ဖြစ်ပါတယ်။ ဒါတွေထက် အခုက သင်ယူဖို့၊ အထိုင်ကျသွားဖို့၊ ပျော်ရွှင်နေစေဖို့ အချိန်ကျလာပါပြီ။ ရှေ့ပွဲစဉ်နှစ်ခုမှာ ရှုံးနိမ့်ခဲ့လို့ ကျွန်တော်တို့အတွက် အခုပွဲစဉ်က အလွန်အရေးကြီးခဲ့ပါတယ်။ ဒါက ခြေစမ်းပွဲဆိုတာ မှန်ပေမယ့် ဒီကလပ်အသင်းက ဘယ်လိုအခြေအနေမှာမဆို ရှုံးပွဲဆိုတာကို နားလည်မပေးနိုင်ပါဘူး။ ဒါကြောင့် အနိုင်ရရှိဖို့နဲ့ ရာသီသစ်ကို အကောင်းဆုံးပုံစံနဲ့စတင်ဖို့အတွက် အလွန်အရေးကြီးတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

အာဆင်နယ်က နည်းပြအာတီတာမျှော်လင့်ခဲ့တဲ့ ဇူဘီမန်ဒီ၊ ယော်ကာရက်စ်တို့ ရောက်ရှိလာမှုနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး ၂၁နှစ်ကြာစောင့်ဆိုင်းနေရမှုကို အဆုံးသတ်နိုင်ဖို့ လိုလားနေပါတယ်။ ဒီရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်ချင်တယ်ဆိုရင် မကြာခဏဆိုသလိုရုန်းကန်နေခဲ့ရတဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်တစ်ခု မဖြစ်မနေဖန်တီးဖော်ဆောင်သွားဖို့ လိုအပ်ပါတယ်။

အာတီတာရဲ့အာဆင်နယ်က ၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်ဘောလုံးရာသီအဖွင့်ကာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ်၊ လိဒ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်၊ လီဗာပူးနဲ့ အဝေးကွင်းပွဲစဉ်တို့ကို ယှဉ်ပြိုင်ကစားသွားရပါမယ်။