အင်္ဂလန်နဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကြီးအတွက် အသင့်ဖြစ်နေပြီလို့ အိုဒီဂတ်ကြွေးကြော်
နော်ဝေအသင်းခေါင်းဆောင်မာတင်အိုဒီဂတ်က ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ အင်္ဂလန်နဲ့ရင်ဆိုင်ရမယ့်အခိုက်အတန့်အတွက် သူတို့အသင်းကစားသမားတွေ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။
နည်းပြဆိုလ်ဘာကန်ရဲ့ နော်ဝေအသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘရာဇီးကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ အင်္ဂလန်ကတော့ အိမ်ရှင်မက္ကဆီကိုနဲ့ယှဉ်ပြိုင်ရတဲ့ပွဲစဉ်မှာ ကစားသမားတစ်ဦးထုတ်ပယ်ခံရပေမဲ့ ၃-၂ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုထိပ်တိုက်တွေ့ဆုံမှုမှာ အနိုင်ရရှိမယ့်အသင်းက ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းရောက်ရှိသွားပါလိမ့်မယ်။
အိုဒီဂတ်က အင်္ဂလန်လက်ရွေးစင်ကစားသမားအများစုကို မိခင်ကလပ်အသင်း အာဆင်နယ်မှာပဲဖြစ်ဖြစ်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာဖြစ်ဖြစ် သိကျွမ်းထားပါတယ်။ သူက အင်္ဂလန်အသင်းရဲ့ အရည်အသွေးကို ချီးကျူးခဲ့သလို စနေနေ့မှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကိုလည်း အခုလိုပဲ တုံ့ပြန်သွားပါတယ်။
"ဒီပြိုင်ပွဲအတွင်း အင်္ဂလန်ကစားသမားအချို့နဲ့ စကားနည်းနည်း ပြောဖြစ်ခဲ့ပါတယ်။ သူတို့မှာ ဘယ်လိုအရည်အသွေးမျိုးရှိသလဲဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဒီကစားသမားတွေအကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်" လို့ အိုဒီဂတ်က ဆိုပါတယ်။ "ထူးချွန်တဲ့ ကစားသမားတွေ၊ ကမ္ဘာ့အဆင့်ကစားသမားတွေ ဖြစ်ကြသလို လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးလို့ ပြောလို့ရတဲ့ လက်ရွေးစင်အသင်းအတွက် ကစားနေကြပါတယ်"
"ဒါကြောင့် ကျွန်တော်တို့အတွက်လည်း စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဘရာဇီးနဲ့ပွဲစဉ်လိုပါပဲ။ ခင်ဗျားတို့ သိတဲ့အတိုင်း ကျွန်တော်တို့က အောက်အသင်းအဖြစ် ကစားခဲ့ရပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာ အားလုံးမြင်ခဲ့ကြပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားကစားသွားမှာဖြစ်သလို ဘာတွေလုပ်နိုင်မလဲဆိုတာကိုလည်း ရင်ခုန်စွာနဲ့ စောင့်ကြည့်နေပါတယ်" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။