ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ဒီဘရိုင်းပါဝင်ဖို့ မသေချာကြောင်း အသိပေးလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက လာမယ့်ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ အသုံးပြုဖို့ ကစားသမား အလုံအလောက်မရှိကြောင်းနဲ့ အသင်းရဲ့အဓိက ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းကလည်း ပါဝင်ကစားနိုင်ဖို့မသေချာကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
လောလောဆယ်မှာတော့ စနေနေ့မှာယှဉ်ပြိုင်သွားမယ့် အဆိုပါပွဲစဉ်ကို အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ ဖီးလ်ဖိုဒန်နဲ့ နာသန်အကီတို့ လွဲချော်သွားမယ်လို့ ဂွါဒီယိုလာက အတည်ပြုထားပါတယ်။ ဒါ့အပြင် နောက်ထပ်နောက်ခံလူတစ်ဦးဖြစ်တဲ့ မန်နူရယ်အကန်ဂျီကလည်း လွဲချော်သွားနိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ကြားရက်က နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒီဘရိုင်းအနေနဲ့ မန်စီးတီးအတွက် ပါဝင်ကစားပြီး ဂိုးပါသွင်းယူနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ကြံ့ခိုင်မှု ပြည့်ဝတဲ့အခြေအနေမှာမရှိပါဘူး။
သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “ဖိုဒန်က အဆင်သင့်မဖြစ်ပါဘူး။ အကီကတော့ သေချာပေါက်လွဲချော်သွားမှာပါ။ အကန်ဂျီကတော့ စောင့်ကြည့်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းနဲ့ ပတ်သက်ပြီးတော့လည်း စပိန်သားက “ကျွန်တော်တို့မှာ ကစားသမား အလုံအလောက်မရှိပါဘူး။ ဒါကြောင့် စောင့်ကြည့်ပါဦးမယ်။ သူ့အနေနဲ့ ပြန်လာနိုင်ဖို့ အတော်လေးအချိန်ယူခဲ့ရပါတယ်။ ၃ ရက် ၁ ပွဲကစားနေရတဲ့အချိန်မှာ သူဘယ်လောက်အထိ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်မလဲ စောင့်ကြည့်ရမှာပါ” လို့ပြောကြားခဲ့ပါတယ်။
တကယ်လို့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်ကို ဒီဘရိုင်းနဲ့ အကန်ဂျီတို့သာ လွဲချော်သွားပါက မန်စီးတီးအနေနဲ့ ကစားသမား ၈ ယောက်အထိ လက်လွှတ်သွားရမှာဖြစ်ပါတယ်။ ရိုဒရီ၊ ဂျွန်စတုန်း၊ ကိုဗာဆစ်၊ အော်စကာဘော့ဘ်၊ ဖိုဒန်နဲ့ အကီတို့ကတော့ သေချာပေါက်လွဲချော်သွားမယ်လို့သိရပါတယ်။ မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းဖို့အတွက် ကြိုးစားသွားရမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဒဏ်ရာပြဿနာတွေကြောင့် အတော်လေးရုန်းကန်နေရဆဲဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်နဲ့ယှဉ်ပြိုင်သွားရပါမယ်။