The network connection is lost.

Banner Image

အသင်းအနေနဲ့ တိုးတက်ဖို့လိုအပ်နေသေးကြောင်း အာဆင်နယ်စတားသစ် အခိုင်အမာဆို

အာဆင်နယ်ကွင်းလယ်လူသစ် နော်ဂတ်က အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဝမ်းသာနေပေမယ့် အသင်းအနေနဲ့ တိုးတက်ဖို့လိုအပ်နေသေးကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ဗီလာရီးရဲလ်ကို ၃-၂ နဲ့အရေးနိမ့်ခဲ့တဲ့ခြေစမ်းပွဲမှာ ဒိန်းမတ်သားဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပြီး ထောင့်ကန်ဘောကနေ ခေါင်းတိုက်ကာ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ ရာသီသစ်မတိုင်ခင် စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဗီလာရီးရဲလ်ကသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ခံစစ်ပိုင်းကော တိုက်စစ်ပိုင်းပါ လိုအပ်ချက်တွေရှိခဲ့တာဖြစ်ပါတယ်။ ဗီလာရီးရဲလ်အတွက် ဦးဆောင်ဂိုးကို တစ်ချိန်က စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့လာခဲ့ဖူးတဲ့ကစားသမားဟောင်း ပီပီက သွင်းယူပေးခဲ့ပါတယ်။

အဲ့နောက် ကားလ်က ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပြီး ဒမ်ဂျူမာက တတိယမြောက်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးတွေကို နော်ဂတ် နဲ့ အိုဒီဂတ်တို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။ “ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာက တကယ်ကောင်းပါတယ်။ ကွင်းထဲကို အာဆင်နယ်ကစားသမားတစ်ဦးအနေနဲ့ လမ်းလျှောက်ဝင်ရတာ အံ့ဖွယ်ပါ။ ကျွန်တော် ပြိုင်ဘက်အသင်းတွေနဲ့ရင်ဆိုင်ဖူးပါတယ်။ အခုတော့ အာဆင်နယ်အကျီကိုဝတ်ဆင်ပြီးကစားရတာ ပျော်ဖို့ကောင်းပါတယ်။ တကယ့်ကိုကြီးမားတဲ့အခိုက်အတန့်ပါ။ ဂိုးသွင်းနိုင်ခဲ့တာက ကြီးမားတဲ့အခိုက်အတန့်ဖြစ်သလို အခုလောက်ပျော်တာမျိုး မဖြစ်ဖူးပါဘူး။ တစ်ခုပဲအားမရတာက အိမ်ကွင်းမှာ အနိုင်မရတာပါ။

ဒါပေမယ့် ရာသီသစ်မစခင် ကျွန်တော်တို့ အချို့အရာတွေတိုးတက်ဖို့ လိုအပ်ပါသေးတယ်။ ပြိုင်ဘက်ဗီလာရီးရဲလ်က အဆုံးသတ်ပိုကောင်းခဲ့တာပါ။ သူတို့ အခွင့်အရေး ၂ ကြိမ် ၃ ကြိမ်ကနေ ဂိုးအားလုံးသွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အဆုံးသတ်မှာ လိုအပ်ချက်ရှိခဲ့ပါတယ်။ ရာသီသစ်မစခင် ကျွန်တော်တို့ ၁၀ ရက် ဒါမှမဟုတ် ၁၁ ရက်လောက်အလုပ်လုပ်ရပါဦးမယ်။ အဲ့လိုလေးသာ သေချာလေးလုပ်နိုင်မယ်ဆိုရင် ရာသီသစ်အတွက်အဆင်ပြေနိုင်ပါတယ်”လို့ နော်ဂတ်က ပြောကြားခဲ့ပါတယ်။

ရာသီသစ်စတင်ဖို့က ၁၁ ရက်သာ လိုအပ်တော့တာဖြစ်ပြီး အာတီတာအနေနဲ့ ဘီလ်ဘာအိုနဲ့ပွဲမှာ နောက်ဆုံးပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ခြေစမ်းပွဲ ၄ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲအရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။