မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဆီ ပူးပေါင်းလာမယ့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်
ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ပီပီက မော်ရင်ဟိုရဲ့နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ အလားအလာကောင်းနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၆၃ နှစ်အရွယ်မော်ရင်ဟိုက တနင်္ဂနွေနေ့ရွေးကောက်ပွဲမှာ ဖလော်ရင်တီနိုပီရက်ဇ် အနိုင်ရရှိပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြသစ်အဖြစ် သေချာလာခဲ့ပါတယ်။
ဒီပေါ်တူဂီလူမျိုးနည်းပြက ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး စိတ်ဝမ်းကွဲမှုတွေ ရှိခဲ့ပြီး ဒုတိယမြောက်ဆုဖလားလက်မဲ့ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့အဝတ်လဲခန်းအတွင်းပိုင်းအခြေအနေတွေကို ပြန်လည်ထိန်းသိမ်းဖို့ တာဝန်ယူသွားရပါလိမ့်မယ်။
Sport သတင်းဌာနရဲ့ဖော်ပြချက်အရ အသင်းဆီ မော်ရင်ဟိုသာမက နောက်ခံလူဟောင်းပီပီလည်း နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပူးပေါင်လာလိမ့်မယ်လို့ သိရပါတယ်။
ပီပီက ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ စပိန်နိုင်ငံရဲ့မြို့တော်မှာ မော်ရင်ဟိုနဲ့အတူ ရှိနေချိန်ကာလအတွင်း ပေါ်တူဂီလူမျိုးနည်းပြရဲ့ သစ္စာအရှိဆုံး "စစ်သည်တော်" တွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
ဒီနောက်ခံလူဟောင်းက ကလပ်အသင်းနဲ့အတူ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ချိန်ကာလအတွင်း ချန်ပီယံလိဂ်ဖလားသုံးကြိမ်၊ လာလီဂါဖလားသုံးကြိမ်နဲ့ ကိုပါဒယ်လ်ရေးဖလားနှစ်ကြိမ်အပါအဝင် အခြားဆုဖလားအောင်မြင်မှုများစွာကို ဆွတ်ခူးရရှိခဲ့ပါတယ်။