
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အတွက် လိုအပ်နေတဲ့အရာအကြောင်း ရှင်းပြလာတဲ့ ဆာလီဘာ
အာဆင်နယ်နောက်ခံလူဆာလီဘာက နောက်ဆုံးသုံးနှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့ သူ့အသင်းရဲ့ကျရှုံးမှုအတွက် ညည်းညူနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ဂန်းနားတွေက အမှတ်ပေးချန်ပီယံလီဗာပူးရဲ့နောက်မှာ ၁၀ မှတ်အကွာဖြင့် ရာသီသိမ်းခဲ့ပါတယ်။ ဒါက မန်စီးတီးရဲ့နောက်မှာ နှစ်နှစ်ဆက်ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့တဲ့ဖြစ်စဉ်အပြီး ထပ်မံပေါ်ထွက်လာခဲ့တာပါ။ မြောက်လန်ဒန်ကလပ်အသင်းက ပရီးမီးယားလိဂ်ခေတ်မှာ ဒုတိယလူအဖြစ် စံချိန်တင်ကိုးကြိမ်တိုင်တိုင်ရပ်တည်ခဲ့ပြီး ဒီမှတ်တမ်းအရ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ထက်တောင် နှစ်ကြိမ် ပိုမိုများပြားနေပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာတော့ ဘယ်အသင်းကမှ ဒုတိယနေရာနဲ့ လေးရာသီဆက် ရာသီမသိမ်းခဲ့ဖူးပါဘူး။ အခုတော့ ဆာလီဘာက ကစားသမားသစ်တွေအပါအဝင် သူ့ရဲ့အသင်းဖော်တွေအားလုံးကို နောက်ထပ်ခြေလှမ်းသစ်တစ်ခု ချမှတ်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂန်းနားတွေက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်ဖြင့် နောက်ဆုံးအကြိမ် ရရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်က အခုနွေရာသီမှာတော့ သူတို့အသင်းလူစာရင်းပိုင်းကို အဓိကအင်အားဖြည့်တင်းထားပြီး ၂၁ နှစ်ကြာစောင့်ဆိုင်းနေရတဲ့အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ပြင်ဆင်လာပါတယ်။ သူတို့တွေက ဇူဘီမန်ဒီ၊ ယော်ကာရက်စ်၊ မာဒူကီနဲ့ နော်ဂတ်တို့လို ကစားသမားကောင်းတွေကို အခုနွေရာသီဈေးကွက်မှာ အသင်းဆီ ခေါ်ယူခဲ့ပါတယ်။
ESPN သတင်းဌာနနဲ့တွေ့ဆုံချိန် ဆာလီဘာက “ အမှန်ပါပဲ၊ ကျွန်တော်တို့က သုံးနှစ်ဆက်ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် တစ်ခုခုတော့ အမြဲတမ်းလွဲချော်နေတယ်ဆိုတာ သိပါတယ်။ အခု ဘောလုံးရာသီသစ်တစ်ခုဆီ ရောက်ရှိလာပါပြီ။ ကျွန်တော်တို့အတွက် အမှတ်ပေးချန်ပီယံဖြစ်လာရေး လိုအပ်နေတဲ့အရာကို မြင်တွေ့နိုင်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့တွေ ရာသီအဖွင့်ပွဲစဉ်ကို အနိုင်ရရှိခဲ့ပြီး လိဂ်ပြိုင်ပွဲကိုလည်း အနိုင်ရရှိချင်ပါတယ်။ အစွမ်းကုန်ပေးဆပ်သွားရပါမယ်။ ဒီလိဂ်မှာ အနိုင်ရရှိဖို့ နောက်ဆုံးသုံးရာသီဆက်ခြေစွမ်းထက် ပိုမိုကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ကို ကူညီပေးနိုင်ဖို့ ကစားသမားသစ်တွေ ရောက်ရှိလာပြီဆိုတာကို သိပါတယ်။ သူတို့တွေက ကျွန်တော်တို့ကို ဆုဖလားအချို့ရရှိအောင် ကူညီပေးနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ သေချာတာကတော့ သူတို့နဲ့အတူ ကျွန်တော်တို့အသင်း ပိုကောင်းလာခဲ့ပါပြီ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”လို့ ပြောပါတယ်။
ဂန်းနားတွေက တန်းတက်လိဒ်ယူနိုက်တက်နဲ့ရင်ဆိုင်ရချိန် ရာသီအဖွင့်၊ အိမ်ကွင်းအနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ဖို့ အခွင့်အရေးရရှိသွားပါလိမ့်မယ်။ ဒါနီရယ်ဖာကီရဲ့အသင်းက လွန်ခဲ့တဲ့တနင်္လာနေ့၊ ညနေခင်းမှာ အဲဗာတန်ကို အနိုင်ယူခဲ့ပေမယ့် သူတို့အသင်းရဲ့ လန်ဒန်မြေမှတ်တမ်းကတော့ နောက်ဆုံးခုနစ်ပွဲဆက်ရှုံးနိမ့်ထားမှုနဲ့အတူ ကောင်းမွန်မှုမရှိပါဘူး။ သူတို့တွေက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ၊ ရာသီပိတ်ပွဲစဉ်မှာ ဘရန်ဖို့ဒ်ကို အနိုင်ယူပြီးနောက် လန်ဒန်မြေနိုင်ပွဲ လုံးဝမရရှိတော့ပါဘူး။