The network connection is lost.

Banner Image

ချီယေဆာကို အံ့အားသင့်ဖွယ်ကစားသမားလို့ ချီးကျူးဂုဏ်ပြုလိုက်တဲ့ ဗန်ဒိုက်

စိတ်လှုပ်ရှားစရာ ပရီးမီးယားလိဂ်ရာသီအဖွင့်နိုင်ပွဲအပြီး လီဗာပူးကပ္ပတိန်ဆီမှ ချီးကျူးဂုဏ်ပြုမှုများစွာကို ချီယေဆာ ရရှိခဲ့ပါတယ်။

အီရာယိုလာရဲ့အသင်းနဲ့ရင်ဆိုင်ကစားရတဲ့ပွဲစဉ်အတွင်း ချီယေဆာက နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးရကာ အကျပ်အတည်းကြုံတွေ့နေရတဲ့ အန်ဖီးလ်ကလပ်အတွက် အရန်ခုံတန်းမှထလာပြီး အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ မိုဆာလက်ရဲ့နာကျင်အချိန်ပိုသွင်းဂိုးနဲ့အတူ လီဗာပူးက အဖိုးတန်နိုင်ပွဲတစ်ခု ရယူသွားခဲ့ပါတယ်။ 

ဘုန်းမောက်ကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဗန်ဒိုက်က အီတာလျံသားမှာ အခုလိုမျိုးအကျိုးသက်ရောက်မှုတစ်ခု ပြသနိုင်စွမ်းရှိတယ်လို့ အသင်းဖော်အားလုံး ယုံကြည်ထားကြကြောင်း ဆွေနွေးခဲ့ပါတယ်။

ချီယေဆာက အီတလီအသင်းရဲ့ ယူရို-၂၀၂၀ အောင်ပွဲမှာ အကောင်းဆုံးပါဝင်ခဲ့ပြီးနောက် ဥရောပရဲ့ အထွန်းတောက်ဆုံးလူငယ်တိုက်စစ်မှူးတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပေမယ့် မကြာသေးမီကာလတွေအတွင်း ပေါ်ပေါက်လာခဲ့တဲ့ ဒဏ်ရာပြဿနာတွေကြောင့် သူ့ရဲ့တိုးတက်မှုမှာ အဟန့်အတားဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ဂျူဗင်တပ်စ်မှ လီဗာပူးဆီ ရောက်ရှိလာတဲ့ ချီယေဆာက အန်ဖီးလ်မှာလည်း ကြံ့ခိုင်မှုပိုင်းဆိုင်ရာပြဿနာတွေကြောင့် သူ့ကိုယ်သူထူထောင်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ခြုံပြီးပြောရရင် သူက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀၄ မိနစ်သာ ပါဝင်ကစားခဲ့ပါတယ်။ လီဗာပူးဂန္တဝင်နဲ့ Sky Sports ပူးတွဲတင်ဆက်သူကာရေဂါက ဘုန်းမောက်နဲ့ပွဲစဉ်မှာ လီဗာပူးတို့ ဦးဆောင်ဂိုးပြန်ရရှိဖို့ ကြိုးပမ်းနေချိန် ပွဲချိန်နှောင်းပိုင်းလူစားလဲလှယ်မှုတစ်ခုအဖြစ် ချီယေဆာပါဝင်လာမှုကို ပွင့်ပွင့်လင်းလင်းမေးခွန်းထုတ်လာခဲ့ပါတယ်။

ဗန်ဒိုက်က “ ချီယေဆာဆီမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ စရိုက်လက္ခဏာတစ်ခု ရှိပါတယ်။ သူက အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားပေမယ့် ဒဏ်ရာပြဿနာတွေကြောင့်ပဲ ကံမကောင်းခဲ့ပါဘူး။ ကျွန်တော်တို့အားလုံး သူ့အတွက် ရပ်တည်ပေးနေကြပြီး သူ့ဆီမှာ ဘယ်လိုအကျိုးသက်ရောက်မှုမျိုးရှိတယ်ဆိုတာ သိကြပါတယ်။ သူက စရိုက်လက္ခဏာကောင်းမွန်သူတစ်ဦးဖြစ်ပြီး ကျွန်တော်တို့အားလုံး သူ့ကို ချစ်ကြပါတယ်။ လူတိုင်းလည်း ဒါကို မြင်တွေ့နိုင်မယ်လို့ ထင်ပါတယ်။ ပရိသတ်တွေကလည်း သူ့ကို ချစ်ပါတယ်။ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ အခိုက်အတန့်မျိုးဆိုတာ ကျွန်တော်တို့အားလုံးမြင်တွေ့ချင်နေတဲ့အရာ ဖြစ်ပါတယ်”လို့ ရှင်းပြပါတယ်။

လီဗာပူးမှာနေရာရဖို့ပြိုင်ဆိုင်မှုက ပြင်းထန်လွန်းပြီး တောင်ပံတိုက်စစ်နေရာတွေအတွက် ဦးစားပေးကစားသမားတွေအဖြစ် ဂတ်ပိုနဲ့ မိုဆာလက်တို့ရှိနေသလို ဖလော်ရီယန်ဝစ်ဇ်နဲ့ ဟူဂိုအီကီတီကီတို့လည်း ဒီနေရာတွေမှာ ကစားနိုင်ပါတယ်။ ဒါပေမဲ့ ချီယေဆာသာ ကြံ့ခိုင်မှုပြည့်ဝနေရင် အခုဘောလုံးရာသီ၊ မတူညီတဲ့ပြိုင်ပွဲလေးခုမှာ ပါဝင်ယှဉ်ပြိုင်ရမယ့် ကလပ်အသင်းအတွက် အခွင့်အရေးတွေ အများကြီးပေးစွမ်းနိုင်ပါလိမ့်မယ်။ အခုလိုရာသီအစကာလမှာပဲ သူ့ကိုယ့်သူသက်သေပြနိုင်တဲ့အချက်ကြောင့်လည်း ချီယေဆာအတွက် ကောင်းကျိုးတွေ ဖြစ်ထွန်းစေပါတယ်။