ဒဏ်ရာကြောင့် ဘောလုံးရာသီစောစောစီးစီးအဆုံးသတ်ခဲ့ရပေမဲ့ စိတ်အေးအေးထားကာ ပြန်လာနိုင်ဖို့ ပြင်ဆင်နေတဲ့ အီကီတီကီ
လီဗာပူးကြယ်ပွင့်ဟူဂိုအီကီတီကီက အန်ဖီးလ်ကစားသမားဘ၀ပထမဆုံးဘောလုံးရာသီကို စောစောစီးစီးအဆုံးသတ်စေခဲ့တဲ့ ခြေဖနောင့်ကြောပြတ်တောက်ဒဏ်ရာမှ ပြန်လည်သက်သာလာဖို့ ကြိုးစားနေပုံအကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ဧပြီလ၊ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အီကီတီကီ ဒဏ်ရာရရှိသွားပြီး ထမ်းစင်ဖြင့် ကွင်းတွင်းမှ ထွက်ခွာသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆေးစစ်ချက်တွေနဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့သလို အင်္ဂလန်မြေ၊ သူ့ရဲ့ပထမဆုံးဘောလုံးရာသီလည်း စောစောစီးစီးအဆုံးသတ်သွားပါတယ်။
ရာသီပိတ်ကာလာကို လွဲချော်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးက လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
ဒီဒဏ်ရာကြောင့်ပဲ သူက ပြင်သစ်အသင်းနဲ့အတူ သူ့ရဲ့ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ဆင်နွှဲခွင့်ကို လက်လွှတ်ဆုံးရှုံးခဲ့ပါတယ်။ လတ်တလောမှာတော့ နည်းပြဒက်စ်ချမ့်စ်ဦးဆောင်နေတဲ့ ပြင်သစ်အသင်းက မြောက်အမေရိကတိုက်မှာကျင်းပနေတဲ့ပြိုင်ပွဲအတွင်း အကောင်းဆုံးခြေစွမ်းပြသကာ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းရောက်ရှိနေပါတယ်။
အီကီတီကီပြန်ကစားနိုင်မယ့်အချိန်ကို အမျိုးမျိုးခန့်မှန်းနေကြပေမဲ့ ၂၀၂၆ ခုနှစ်ကုန်ဆုံးချိန်လောက်မှသာ ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။ ဒါပေမဲ့ ဖရန့်ဖတ်တိုက်စစ်မှူးဟောင်းကတော့ ရှေ့မှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပုံရပါတယ်။
"ကျွန်တော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိနေချင်ပေမဲ့ ဘ၀ဆိုတာ ဒီလိုပါပဲ။ တခါတလေကျရင် ဒီလိုပြဿနာတွေနဲ့ လူတိုင်းရင်ဆိုင်ကြရတာပါပဲ" လို့ သူက British GQ နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
"ဒါ ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကျွန်တော် ဒါကို လက်ခံပါတယ်။ ပြင်သစ်အသင်းအတွက် ပျော်ရွှင်ရသလို သူတို့ ဗိုလ်လုပွဲတက်ပြီး ဖလားကြီးကို အမိမြေဆီ ယူလာပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့လည်း ဆိုပါတယ်။
လီဗာပူးအသင်းက နည်းပြသစ်အီရာအိုလာရဲ့လက်အောက် ဘောလုံးရာသီသစ်ကို သြဂုတ် ၂၃ ရက်၊ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းဆီ သွားရောက်ရင်ဆိုင်ရင်း စတင်သွားပါလိမ့်မယ်။