The network connection is lost.

Banner Image

မိသားစုနာရေးရှိပေမဲ့ နယ်သာလန်အသင်းနဲ့အတူ ဆက်ရှိနေမယ့် ဂတ်ပို

မီးမဖွားရသေးတဲ့ရင်သွေး ကွယ်လွန်သွားခဲ့ပေမဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းနဲ့အတူ ဆက်ရှိနေဖို့ လီဗာပူးတောင်ပံကစားသမားကိုဒီဂတ်ပိုကိုယ်တိုင် ဆုံးဖြတ်ခဲ့တယ်လို့ ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။

အခုသီတင်းပတ်၊ စနေနေ့မှာ ဂတ်ပိုရဲ့ဇနီးနိုအာဗန်ဒါဘီဂျ်က သူတို့ရဲ့ ဒုတိယမြောက်ရင်သွေးလေး အီလိုင်ဂျာကို ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း ဆုံးရှုံးလိုက်ရပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

လူမှုကွန်ရက်မှတဆင့် သူမက "ကျွန်မတို့အတွက် ရင်ကွဲမတတ်ဝမ်းနည်းစရာသတင်းဆိုးတစ်ခုကတော့ ကျွန်မတို့ရဲ့ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်းမှာပဲ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ ဆိုတာပါပဲ။ အားလုံးရဲ့ထောက်ခံအားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ အီလိုင်ဂျာရာဖေးလ် ဂတ်ပိုရေ၊ မင်းကို အမြဲတမ်းချစ်နေသလို မင်းဟာ ငါတို့ရဲ့ သားသမီးအဖြစ် ထာဝရ ရှိနေပါမယ်" လို့ ရေးသားခဲ့ပါတယ်။

ဂတ်ပိုနဲ့ ဗန်ဒါဘီဂျ်တို့ဇနီးမောင်နှံက ၂၀၂၄ ခုနှစ် ဧပြီလအတွင်း မွေးဖွားခဲ့တဲ့ ဆင်မြူရယ်လို့အမည်ရတဲ့ သားတစ်ဦး ရှိထားပါတယ်။ ဒီဇနီးမောင်နှံက လွန်ခဲ့တဲ့တစ်လဝန်းကျင်လောက်ကမှ ဒုတိယမြောက်ရင်သွေးလေး ရရှိတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ်ကလည်း ဂတ်ပိုနဲ့ သူ့ရဲ့မိသားစုအပေါ် အပြည့်အဝပံ့ပိုးပေးထားပြီး လက်ရွေးစင်အသင်းနဲ့အတူ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူးကိုလည်း အစွမ်းကုန်ကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားက လာမယ့်အင်္ဂါနေ့မှာ ကစားမယ့် နယ်သာလန်နဲ့ မော်ရိုကိုတို့ရဲ့ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ပါဝင်ကစားနိုင်မလားဆိုတာတော့ လောလောဆယ်အထိ မသိရှိရသေးပါဘူး။

ဂတ်ပိုက နယ်သာလန်အသင်းအတွက် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အားလုံးကို ပွဲထွက်ပါဝင်ကစားခဲ့ပြီး ဆွီဒင်ကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။