The network connection is lost.

Banner Image

ဖူလ်ဟမ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူးလေး ချီဒိုအိုဘီကို ရွန်းနီ ချီးကျူး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဝိန်းရွန်းနီက ယမန်နေ့ညက ဖူလ်ဟမ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ခြေစွမ်းပြသကစားနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေး ချီဒိုအိုဘီကို ချီးကျူးစကားဆိုလာခဲ့ပါတယ်။ 

ယခုပွဲစဉ်ရဲ့ပွဲအစမှာ ရက်စ်မွတ်စ်ဟွိုက်လန်းက ယူနိုက်တက်အတွက် စတင်ပွဲထွက်ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသလို၊ စွမ်းဆောင်ရည်ပိုင်းမှာလည်း အားရစရာမရှိတာကြောင့် ၆၈ မိနစ်မှာ နည်းပြရူဘင်အာမိုရင် အိုဘီနဲ့လူစားလဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အာဆင်နယ်မှ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့လာခဲ့တဲ့ အိုဘီဟာ လူစားလဲဝင်ရောက်လာပြီးနောက် ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းအတွက် အားကိုးရတဲ့ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
 
ယူနိုက်တက်အနေနဲ့ ဖူလ်ဟမ်ကို ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ၁-၁ နဲ့သရေကျနေခဲ့တာကြောင့် အချိန်ပိုနဲ့ ပင်နယ်တီတွေအထိ ဆက်လက်ကစားခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဗစ်တာလင်ဒီလော့ဖ်နဲ့ ဂျိုရှူးဝါးဇက်ခ်ဇီတို့ လွဲချော်ခဲ့တာကြောင့် အာမိုရင်ရဲ့အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲကို စောစောစီးစီးလက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ အာမိုရင်က လာမယ့်ပွဲစဉ်မှာ ဟွိုက်လန်းအစား အိုဘီကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုနိုင်ချေရှိကြောင်းလည်း အရိပ်အမြွက်ပြောကြားခဲ့ပါသေးတယ်။

အိုဘီနဲ့ပတ်သက်ပြီး ရွန်းနီက "ကျွန်တော်သူ့ကိုကြိုက်တဲ့အချက်က သူ့ရဲ့နေရာယူပုံပါပဲ။ နေရာကောင်းတွေမှာ သူအမြဲတမ်းရှိနေပါတယ်။ သူက ကျွန်တော့်ကို အထင်ကြီးစေပါတယ်။ ပိုတိုးတက်ပြီး ထက်မြက်လာဦးမယ့် ကစားသမားတစ်ယောက်ပါ" လို့ပြောကြားခဲ့ပါတယ်။ ပွဲအပြီးမှာ အာမိုရင်ကလည်း "ပွဲထဲမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ပြိုင်ဘက်အသင်းဘာလုပ်မယ်ဆိုတာ ကျွန်တော်တို့မြင်ဖို့လိုပါတယ်။လောလောဆယ်မှာတော့ နောက်ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ပြီးရင်တော့ အဲဒီပွဲအတွက် အကောင်းဆုံးကစားသမားတွေကိုပဲ ရွေးချယ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ဧည့်ခံကစားသွားရပါမယ်။