
ရီးရဲလ် မက်ဒရစ်အသင်းရဲ့ကမ်းလှမ်းမှု ကို ပယ်ချခဲ့တဲ့ ဗင်နီစီးယက်စ်
ဗင်နီစီးယက်စ်ဂျူနီယာဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ဆုံး စာချုပ်သစ် ကမ်းလှမ်းမှုအပေါ် ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စပိန်မြို့တော်ရှိ သူရဲ့ ရေရှည်အနာဂတ်နဲ့ပတ်သက်ပြီး သံသယတွေ ကြီးထွားလာခဲ့ပါတယ်။ လော့စ်ဘလန်ကိုစ်အသင်းရဲ့ ထင်ရှားကျော်ကြားတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဘရာဇီးကစားသမားဟာ ကမ်းလှမ်းထားတဲ့ စည်းကမ်းချက်တွေကြောင့် စိတ်ပျက်ခဲ့ပြီး လစာငွေက မလုံလောက်ဘူးလို့ ခံစားမိနေပါတယ်။
တစ်နှစ်ကို ယူရို ၁၇ သန်း ရရှိမယ့် စာချုပ်နဲ့ ၂၀၂၇ ခုနှစ်အထိ ချုပ်ဆိုထားတာဖြစ်ပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဗင်နီစီးယက်စ်ကို ၂၀၃၀ ပြည့်နှစ်အထိ နောက်ထပ် ၃ နှစ် စာချုပ်ချင်ပါတယ်။ သူ့ရဲ့ ကိုယ်စားလှယ်တွေကတော့ တစ်နှစ်ကို ယူရို သန်း ၂၀ အခြေခံလစာအပြင် စွမ်းဆောင်ရည်အလိုက် အပိုဆုကြေးတွေနဲ့ ယူရို သန်း ၃၀ အထိ ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ရီးရဲလ်အသင်းကတော့ အပိုဆုကြေးမပါဘဲ ယူရို သန်း ၂၀ သာ ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဗင်နီစီးယက်စ်က နောက်ထပ် ၃ နှစ်စာချုပ်ဖို့အတွက် ကမ်းလှမ်းချက်က “သိပ်နည်းတယ်” လို့ ယူဆခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။
သဘောတူညီချက်ကို အလျင်စလိုလုပ်မယ့်အစား ဗင်နီစီးယက်စ်ကတော့ နည်းပြ ဇာဗီ အလွန်ဆိုရဲ့လက်အောက်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားကတော့ အသင်းရှိ သူရဲ့ အခန်းကဏ္ဍကို စောင့်ကြည့်ပြီးမှသာ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ ဇူလိုင်လတုန်းက ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အလွန်ဆိုက သူ့ကို အရန်ခုံမှာ ချန်ထားခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အလက်ဇန်းဒါး-အာနိုးလ် ဒဏ်ရာကြောင့် မပါဝင်ခဲ့ရင် အလွန်ဆိုက တိုက်စစ်မှူး ၂ ဦးတည်းစနစ်နဲ့ ကစားဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ အဲ့ဒီလို အခြေအနေဖြစ်ခဲ့ရင်တော့ ဗီနီဆီးယက်စ်က အရန်ခုံမှာ ရှိနေမှာပါ။ အဲ့ဒီအစား ဖေဒါရီကို ဗယ်လ်ဗာဒီကို ညာနောက်ခံလူနေရာသို့ ရွှေ့လိုက်တာကြောင့် ဗင်နီစီးယက်စ်က တိုက်စစ်ပိုင်းမှာ အမ်ဘတ်ပေနဲ့ ဂွန်ဇာလို ဂါစီယာတို့နဲ့ တွဲဖက် ကစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ရီးရဲလ်အသင်းက ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
လအနည်းငယ်တုန်းက ဗီနီဆီးယက်စ်ကို ဆော်ဒီအသင်းတွေက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းဟာ စာချုပ်သစ်ကိစ္စကို အလျင်အမြန် စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီခြိမ်းခြောက်မှုတွေကတော့ ဒီဇင်ဘာလနောက်ပိုင်းမှာ မရှိတော့ပါဘူး။ ဗီနီဆီးယက်စ်ဟာ ကမ္ဘာကျော် ကြယ်ပွင့်တစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ခြေစွမ်းတွေကတော့ ဆွေးနွေးပွဲမှာ သူ့ရဲ့ အင်အားကို အနည်းငယ်သာ မြင့်တက်စေခဲ့ပါတယ်။ ရီးရဲလ်အသင်းက အဓိက ဆုဖလား တစ်ခုမှ မရခဲ့တဲ့ ဘောလုံးရာသီမှာ သူဟာ လိဂ်ပွဲ ၃၀ မှာ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ယခုနှစ် ဘောလုံးရာသီမှာ ပုံစံကောင်း ပြသနိုင်ခဲ့မယ်ဆိုရင်တော့ ၂၀၂၆ ခုနှစ် နွေရာသီမှာ စာချုပ်ကိစ္စ ပြန်ဆွေးနွေးတဲ့အခါ သူ့ရဲ့ ဆွေးနွေးမှုအင်အားကို တိုးတက်စေမယ့် ပထမဆုံး ခြေလှမ်းဖြစ်လာနိုင်ပါတယ်။