The network connection is lost.

Banner Image

ဆန်းတို့စ်နဲ့အတူ နေမာပြန်လာတာကို ဝမ်းသာနေတဲ့ ဗင်နီဆီးယက်စ်

ရီးရဲလ်တောင်ပံကစားသမား ဗင်နီက နေမာတစ်ယောက် ဆန်းတို့စ်အသင်းနဲ့အတူ ပြန်လာတာကို ဝမ်းသာနေတပါတယ်။ အသက် ၃၃ နှစ်သားဟာ ဆန်းတို့စ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် နိုင်ငံအသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ကြာသပတေးနေ့တုန်းက လူစာရင်းကြေညာရာမှာ နေမာတစ်ယောက် ကာလရှည်ပျက်ကွက်နေရာကနေ ပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

နေမာတစ်ယောက် ဘရာဇီးအတွက်နောက်ဆုံးပွဲအဖြစ် ၂၀၂၃ အောက်တိုဘာတုန်းက ပါဝင်ကစားပေးခဲ့ပါတယ်။ အဲ့နောက် တစ်နှစ်နီးပါး အရွေးမခံရတော့ပဲ အခုချိန်မှာမှ မိခင်မြေမှာ ပြန်လည်တောက်ပလာခဲ့ပြီးနောက် ပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဗင်နီဆီးယက်စ်ကတော့ နေမာပါဝင်လာမှုနဲ့ပတ်သက်ပြီး “မျှော်လင့်ချက်က ကြီးမားပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့မျိုးဆက်ရဲ့အားကျအတုယူစရာကစားသမားမျိုးပါ”လို့ ဖြေကြားခဲ့ပါတယ်။

အယ်လ်-ဟီလယ်မှာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပြီးနောက် နေမာအနေနဲ့ ၁၈ လအတွင်းမှာ ၇ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲ့နောက် ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ဇန်နဝါရီတုန်းက ပြန်လာခဲ့ပြီး ပုံမှန်ခြေစွမ်းပြန်လည်ရရှိလာခဲ့တာဖြစ်ပါတယ်။ ဘရာဂန်တီနိုအသင်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နေမာတစ်ယောက် ဖရီးကစ်ကနေ ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါဂိုးကြောင့် ဆန်းတို့စ်အတွက် ၄ ပွဲမှာ ၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

“သူ(နေမာ) ဆန်းတို့စ်အသင်းထံပြန်လာတာကို ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ အဲ့နောက် သူဂိုးသွင်းယူနိုင်ခဲ့ပြီး အဲ့တာက အရေးကြီးတဲ့အရာပါ”လို့ ဗင်နီက ပြောကြားခဲ့ပါတယ်။ ဘရာဂန်တီနိုအသင်းနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နေမာအနေနဲ့ ပွဲကစားချိန် ၇၆ မိနစ်မှာ လူစားလဲခဲ့ရပြီး အရန်ခုံမှာ ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ အဆိုပါအခြေအနေကို ပရိသတ်တွေက စိုးရိမ်နေပေမယ့် နေမာက သူ့အခြေအနေကို “ကျွန်တော် အဆင်ပြေပါတယ်။ အနည်းငယ်လေး သက်တောင့်သက်သာမဖြစ်သလို ခံစားခဲ့ရတာပါ။ ပွဲအတွင်းကစားရတာကလည်း ပြင်းထန်ခဲ့ပါတယ်။ အခုလိုမျိုး ကြံ့ခိုင်မှုပြန်ရလာတာကို ပျော်ပါတယ်။ မက်ဆေ့ချ်တွေအတွက် ကျေးဇူးတင်ပါတယ်”လို့ နေမာက အင်စတာဂရမ်မှာ ရေးသားတင်ခဲ့ပါတယ်။

ဘရာဇီးဟာ လက်ရှိကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ၁၂ ပွဲအပြီးမှာ အာဂျင်တီးနားနဲ့ ၇ မှတ်ကွာဟနေပါတယ်။ အဆိုပါ ၁၂ ပွဲမှာ ၅ ပွဲနိုင် ၄ ပွဲအရေးနိမ့်ခဲ့ပြီး ဘရာဇီးအနေနဲ့ ကမ္ဘာ့ဖလားဝင်ချင်တယ်ဆိုရင် လက်ကျန်ပွဲတွေကို အကောင်းဆုံးလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဘရာဇီးဟာ လာမယ့်မတ်လ ၂၀ ရက်နေ့မှာ ကိုလံဘီယာ ၊ လာမယ့်မတ်လ ၂၅ ရက်နေ့မှာ အာဂျင်တီးနားတို့နဲ့ကန်ရမှာဖြစ်ပါတယ်။