The network connection is lost.

Banner Image

ပထမပိုင်းဂိုးပေါက်ခြိမ်းခြောက်မှုမလုပ်ဆောင်နိုင်ခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ကာကွယ်ခဲ့တဲ့ ကွန်ပနီ

စနေညပိုင်း၊ လေဗာကူဆင်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်အပြီး ဘိုင်ယန်မြူးနစ်ရဲ့စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကို နည်းပြကွန်ပနီက ကာကွယ်ပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်မှာ ပုံမှန်စွမ်းဆောင်ရည်ပြသဖို့ ရုန်းကန်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှစ်မှတ်ဖြတ်ပြီး ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ အိမ်ရှင်လေဗာကူဆင်ကတော့ ပွဲချိန်တလျှောက်လုံး ပြိုင်ဘက်ကို မဆုတ်မနစ်ဖိအားပေးကစားခဲ့ပြီး ပထမပိုင်းပွဲချိန်အတွင်းမှာတင် အဖွင့်ဂိုးရရှိဖို့ နှစ်ကြိမ်တိတိနီးစပ်ခဲ့ပါတယ်။ ဖရင်ပေါင်နဲ့ တယ်လာတို့ရဲ့ကန်ချက်တွေ ဂိုးဘားတန်းထိမှန်ခဲ့ပြီး ပြိုင်ဘက်ကို လွှမ်းမိုးကစားနိုင်ခဲ့တဲ့ လေဗာကူဆင်အနေဖြင့် ဘိုင်ယန်မြူးနစ်ရဲ့စုစည်းမှုအပြည့်ခံစစ်ပိုင်းကို ကျော်ဖြတ်နိုင်ရန် အဖြေမရှာနိုင်ခဲ့ပါဘူး။

ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွက် စံချိန်မှတ်တမ်းတွေ စတင်ရေတွက်ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် အခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ပထမပိုင်းပွဲချိန်အတွင်း ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မှမရရှိတဲ့ မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ဧည့်သည်တွေက ပွဲချိန်အများစုမှာ ခံစစ်ကိုသာ အာရုံစိုက်ကစားခဲ့ရပြီး တိုက်စစ်အရှိန်အဟုန်ကောင်းတစ်ခုဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ အိမ်ရှင်တွေအတွက် အခွင့်အရေးကောင်းတစ်ခုကို ဖလော်ရီယန်ဝစ်ဇ် အသုံးမချနိုင်ခဲ့လို့ ဘိုင်ယန်မြူးနစ်တို့ သရေတစ်မှတ်ရရှိရန် သေချာသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် ရုန်းကန်ရခြင်းနေ့စွဲတစ်ခု ဖြစ်ခဲ့ပေမယ့် ကွန်ပနီကတော့ အပြုသဘောဆောင်တဲ့ အမြင်မျိုးသာ ရှိခဲ့ပြီး သူတို့အသင်းရဲ့ရလဒ်တစ်ခုဖန်တီးနိုင်စွမ်းဟာ အသင်းရဲ့ချန်ပီယံစိတ်ဓါတ်ပိုင်းကို သက်သေပြခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

Sky Germany နဲ့တွေ့ဆုံချိန် ကွန်ပနီက “ ကျွန်တော်တို့တွေ တစ်မှတ်ရရှိခဲ့လို့ အခုတော့ အမှတ်ပေးဇယားကို ရှစ်မှတ်ဖြတ်ထားနိုင်ပါပြီ။ အခုပွဲစဉ်မှာလည်း ကျွန်တော်တို့တွေ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ကျွန်တော်တို့တွေ ဒီရလဒ်ကို အမိအရကိုင်ဆုပ်နိုင်ခဲ့ပါတယ်။ ပထမရာသီဝက်မှာ ကျွန်တော်တို့အသင်းက အသာစီးရယူထားနိုင်ခဲ့ပါတယ်။ တကယ်ပဲ နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်။ ဒီနေ့မှာလည်း တိုက်ပွဲတစ်ခုလိုဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကျွန်တော်တို့ အမှတ်ရှာဖွေနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်။

ကျွန်တော်တို့နဲ့ရင်ဆိုင်ရချိန် အသင်းတစ်ခုက အပြင်းအထန်တိုက်ပွဲဝင်ဖို့ ထိုက်တန်နေမယ်ဆိုရင် ကျွန်တော်တို့လည်း အပြင်းအထန်တိုက်ပွဲဝင်သွားမယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။အမှန်ပါပဲ၊ အမြဲတမ်းစိတ်ကူးယဉ်ခဲ့သလိုမျိုး မဖြစ်လာခဲ့ပေမယ့် ကောင်လေးတွေကတော့ အပြင်းအထန်တိုက်ပွဲဝင်သွားခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက အခုဘောလုံးရာသီမှာ ဂိုးတွေ အများကြီး သွင်းယူခဲ့ပြီးဖြစ်ပေမယ့် ဒီနေ့မှာတော့ ဂိုးပေါက်ပျောက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်းက ခံစစ်ပိုင်းကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ အခြေခံကျကျပြောမယ်ဆိုရင် အခုပွဲစဉ်က အသင်းကောင်းတွေသာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်မယ်ဆိုတာကို ပြသသွားခဲ့ပါတယ်”လို့ ပြောပါတယ်။

ပွဲမစတင်ခင် အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ရှစ်မှတ်ပြတ်ကျန်နေလို့ လေဗာကူဆင်အနေဖြင့် သူတို့ရဲ့အမှတ်ပေးချန်ပီယံဆုကာကွယ်နိုင်ရေးမျှော်လင့်ချက် ဆက်ရှင်သန်နိုင်အောင် နိုင်ပွဲတစ်ခု မဖြစ်မနေလိုအပ်ခဲ့တယ်ဆိုတာကို သိထားခဲ့ပါတယ်။ ဒါပေမယ့် အခုသရေရလဒ်က လက်ကျန်လိဂ် ၁၄ ပွဲ ကစားဖို့ ကျန်ရှိတဲ့ ဘောလုံးရာသီတစ်ခုမှာ သူတို့အတွက် သိသာတဲ့အားနည်းချက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ လာမယ့်သီတင်းပတ်၊ ဖရန့်ဖတ်ကို ဧည့်ခံကစားရမယ့် ဘွန်ဒက်စ်လီဂါပွဲစဉ်မတိုင်ခင် ဆဲလ်တစ်ကို ဧည့်ခံကစားရမယ့် ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်ဆီ အာရုံစိုက်သွားပါလိမ့်မယ်။