အင်္ဂလန်ကို ရှုံးနိမ့်ပြီးနောက် ကွင်းလယ်ဒိုင်ရဲ့ပွဲအပြီးအပြုအမူကို ပြစ်တင်ဝေဖန်လာတဲ့ ဗန်ဒိုက်ခ်
နယ်သာလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဗန်ဒိုက်ခ်ဟာ ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်ကို အငြင်းပွားဖွယ်ရှုံးနိမ့်ပြီးနောက် ကွင်းလယ်ဒိုင် ဖီးလစ်ဇွာယာရဲ့ ပွဲအပြီးတုံ့ပြန်မှုကို ပြင်းပြင်းထန်ထန်ဝေဖန်လာခဲ့ပါတယ်။
အိုလီဝက်စ်ကင်းရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်ဟာ တနင်္ဂနွေနေ့မှာတော့ ယူရိုဗိုလ်လုပွဲစဉ်အဖြစ် စပိန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နယ်သာလန်ကတော့ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ ယခုပွဲမှာ နယ်သာလန်က ဇာဗီဆိုင်မွန်ရဲ့သွင်းဂိုးနဲ့ အတူ ပွဲကိုဦးဆောင်နိုင်ခဲ့တာဖြစ်သော်လည်း မထင်မှတ်ဘဲ အငြင်းပွားဖွယ်ပင်နယ်တီ ခွင့်ပြုခဲ့ရတာကြောင့် ပထမပိုင်းအတွင်း ၁-၁ နဲ့ သရေကျခဲ့ပါတယ်။
ဟယ်ရီကိန်းရဲ့ ဗော်လီကန်ချက်ကို နယ်သာလန်နောက်ခံလူ ဒမ်ဖရိုင်းစ်ဟန့်တားရာမှာ ကွင်းလယ်ဒိုင်က VAR နဲ့စစ်ဆေးကာ ပြစ်ဒဏ်ကျူးလွန်တယ်လို့ သတ်မှတ်ခဲ့တာကြောင့် အင်္ဂလန်တို့ ပင်နယ်တီကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဗန်ဒိုက်ခ်က ကွင်းလယ်ဒိုင် ဇွာယာဟာ နယ်သာလန်ကစားသမားတွေကို လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိဘဲ ကွင်းထဲကနေ ထွက်ခွာသွားကြောင်း အခိုင်အမာဆိုခဲ့ပြီး ဇွာယာရဲ့ အဆိုပါတုံ့ပြန်ချက်ကို ဝေဖန်လာခဲ့ပါတယ်။
ဇွာယာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ နောက်ခံလူက “ကျွန်တော် ဘာပြောရမယ်မှန်းမသိတော့ပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုပြောသင့်ရဲ့လားလို့လည်း မသိပါဘူး။ ဒါပေမယ့် ပွဲအပြီးမှာတော့ ဒိုင်လူကြီးက အလျင်စလိုနဲ့ ကွင်းထဲကနေထွက်ခွာသွားပါတယ်။ ကျွန်တော်တို့ သူ့ကို လက်ဆွဲနှုတ်ဆက်ဖို့ အချိန်မရလိုက်ပါဘူး။ ဒါပေမယ့် သူ့ကိုအပြစ်တင်တာမျိုးလည်း မလုပ်ချင်ပါဘူး။ ကျွန်တော်အခု အရမ်း နာကျင်နေတယ်ဆိုတာပဲ သိပါတော့တယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဗန်ဒိုက်က ဒုတိယပိုင်းမှာ နယ်သာလန်က ပိုကောင်းခဲ့တာကြောင့် ပွဲအပြီးမှာ အင်္ဂလန်ကို ရှုံးနိမ့်ခဲ့ရတာက အလွန်ခါးသီးစရာကောင်းတယ်လိုဆိုပါတယ်။ လီဗာပူးကြယ်ပွင့်က “ကျွန်တော်တို့မှာ ရှိသမျှအကုန်ပေးပြီး ကစားခဲ့တာပါ။ တစ်သင်းလုံးက ရှိသမျှအင်အားတွေစိုက်ထုတ်ပြီး ကစားခဲ့ကြတာကြောင့် အခုလို ကျရှုံးမှုမျိုးက ခါးသီးလွန်းပါတယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုပိုသာခဲ့ပြီး နောက်ထပ် အင်အားစိုက်ထုတ်နိုင်မယ်ဆိုရင် ၂-၁ နဲ့အနိုင်ရမယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့ လက်ဗလာနဲ့ အိမ်ပြန်ရပါတော့မယ်”လို့ ပြောကြားခဲ့ပါတယ်။