ကနေဒါကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ကိုပါအမေရိကဖလား တတိယနေရာကို ရယူသွားတဲ့ ဥရုဂွေး
ဥရုဂွေးအသင်းဟာ ယနေ့နံနက်က ကိုပါအမေရိက တတိယလုပွဲမှာ ကနေဒါကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကာ တတိယနေရာကို ရယူသွားခဲ့ပါတယ်။
ပွဲစကတည်းက နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် ပွဲက မြိုင်ဆိုင်တဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။
ကစားသမားအပြည့်အစုံနဲ့ ပွဲထွက်လာတဲ့ ဥရုဂွေးအသင်းက ပွဲအစ ၈မိနစ်မှာတင် ဦးဆောင်ဂိုးရခဲ့ပြီး ဗယ်ဗာဒီရဲ့ထောင့်ကန်ဘောကနေ ဘန်တန်ကာက သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ခြေစွမ်းတိုးတက်လာတဲ့ ကနေဒါအသင်းက ၂၂မိနစ်မှာ ချေပဂိုးရခဲ့ပြီး ကိုနေးက နောက်ပြန်ကန်ချက်နဲ့ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
မိနစ်၈၀အရောက်မှာတော့ လူစားဝင်ကစားသမား ဂျွန်နသန်ဒေးဗစ်ရဲ့ဂိုးကြောင့် ကနေဒါအသင်း ပြန်လည်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်က ဥရုဂွေးအတွက် ချေပဂိုးသွင်းယူခဲ့လို့ ၂ဂိုးစီသရေဖြစ်ကာ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ကနေဒါရဲ့ဂိုးသွင်းရှင်တွေဖြစ်ကြတဲ့ ကိုနေးနဲ့ ဂျွန်နသန်းဒေးဗစ်တို့ လွဲချော်ခဲ့ကြတာကြောင့် ဥရုဂွေးအသင်း အနိုင်ရကာ တတိယနေရာကို သိမ်းပိုက်သွားခဲ့ပါတယ်။