ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုအပေါ် အယုံအကြည်မရှိတော့ဘူးလို့ ကနေဒါဝန်ကြီးချုပ်မာ့ခ်ကာနေး ပြောကြား
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ပူးတွဲအိမ်ရှင်ဖြစ်တဲ့ ကနေဒါနိုင်ငံရဲ့ဝန်ကြီးချုပ်မာ့ခ်ကာနေးကလည်း ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုအပေါ် ဝိုင်းဝန်းဝေဖန်နေကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြား ဗုဒ္ဓဟူးနေ့မှာပဲ ပါဝင်လာခဲ့ပါတယ်။ သူက ဖီဖာကို ဆက်လက်ဦးဆောင်နိုင်ဖို့ အင်ဖန်တီနိုမှာ အစွမ်းမရှိတော့ဘူးလို့ ယုံကြည်နေပါတယ်။
"အခုဖြစ်ပျက်သွားတဲ့အခြေအနေတွေကို ကြည့်ရင်တော့ မစ္စတာအင်ဖန်တီနိုအပေါ် ကျွန်တော် အယုံအကြည်မရှိတော့ဘူးဆိုတာ သေချာပါတယ်" လို့ ဝန်ကြီးချုပ်ကာနေးက သတင်းထောက်တွေဆီ ပြောခဲ့ပါတယ်။ ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အစုရှယ်ယာတွေကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချဖို့ ကြံစည်ထားပြီးနောက် ဖျက်သိမ်းလိုက်ရတဲ့ ဖီဖာဥက္ကဋ္ဌရဲ့စီမံကိန်းနဲ့ပတ်သက်ပြီး မေးမြန်းမှုအပေါ် ကာနေးက အခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။
ဒီစီမံကိန်းအပေါ် ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အင်ဖန်တီနိုကို ဖီဖာအဖွဲ့အစည်းအတွင်းသာမက ပြင်ပဘောလုံးလောကသားတွေပါ အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာတော့ အငြင်းပွားစရာစီမံကိန်းကို ရပ်တန့်လိုက်ပြီလို့ အင်ဖန်တီနိုကိုယ်တိုင် ကြေညာခဲ့ပေမဲ့ သူ့ကို ရာထူးမှနုတ်ထွက်ပေးဖို့ဆိုတဲ့ တောင်းဆိုသံတွေကတော့ ပိုမို ကျယ်လောင်လာခဲ့ပါတယ်။ ။
ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဖီဖာရဲ့အဆင့်မြင့်စီမံခန့်ခွဲရေးအဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်ဖို့ ပျက်ကွက်ခဲ့မှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်နေတဲ့ အင်ဖန်တီနိုရဲ့ ရာထူးသက်တမ်း အဆုံးသတ်သွားသင့်တယ်လို့ ဝန်ကြီးချုပ်ကာနေးက ဆိုပါတယ်။
"ဒါက ဘယ်စီးပွားရေးလုပ်ငန်းမျိုးကိုမှ စီမံခန့်ခွဲနိုင်မယ့် ပုံစံမဟုတ်ပါဘူး။ ဆိုင်သေးသေးလေးတစ်ခုဆိုရင်တောင် ဒီလိုမျိုး မလုပ်သင့်ပါဘူး။ ဘောလုံးအားကစားလိုမျိုး တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့တာဝန်ကြီးကို ကိုင်တွယ်ဆောင်ရွက်တဲ့အခါမှာတော့ ဒီလိုလုပ်တာမျိုးက ပိုတောင် မဖြစ်သင့်ပါဘူး" လို့ တိုရွန်တိုမြို့ရှိ သတင်းထောက်တွေကို ကာနေးက ပြောကြားခဲ့ပါတယ်။
အင်ဖန်တီးနိုကလည်း ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မော်ရိုကိုနိုင်ငံမှာ ဖီဖာဒါရိုက်တာတွေနဲ့အတူ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ အရေးပေါ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အစောပိုင်းမှာတော့ အင်ဖန်တီနိုက ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်တို့ အိမ်ရှင်အဖြစ် ပူးပေါင်းပြီး ပြိုင်ပွဲအသင်း ၄၈ ခုပါ သမိုင်းတလျှောက်အကြီးကျယ်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အောင်မြင်မှုအပေါ် ဂုဏ်ယူနေခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဖလားလို ပြိုင်ပွဲတွေကို စီမံခန့်ခွဲဖို့ "FIFA Forward Enterprise" လို့ခေါ်တဲ့ စီးပွားရေးဆိုင်ရာကုမ္ပဏီခွဲတစ်ခု တည်ထောင်မယ့် စီမံကိန်းအပေါ် တစ်ကမ္ဘာလုံးရဲ့ဒေါသတကြီးဝေဖန်သံတွေကြောင့် အင်ဖန်တီနိုရဲ့ဥက္ကဋ္ဌရာထူးလည်း မကြုံစဖူးခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။