The network connection is lost.

Banner Image

လာမယ့်ဇန်နဝါရီမှာ ဆန်ချိုကို လျှော့ဈေးနဲ့ ရောင်းချဖို့ အဆင်သင့်ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ လျှော့ဈေးနဲ့ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရှိရပါတယ်။
 
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ယခုလအစောပိုင်းက ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်နဲ့ လူသိရှင်ကြားပြဿနာတက်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ပထမအသင်းလူစာရင်းမှ ထုတ်ပယ်ခံခဲ့ရပြီး အကယ်ဒမီအဆောက်အအုံမှာ တစ်ယောက်တည်းလေ့ကျင့်ရေးဆင်းနေရတာဖြစ်ပါတယ်။ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ တန်ဟက်က ကစားသမားကို လေ့ကျင့်ရေးကွင်းမှာ အရည်အချင်းမပြည့်မှီတာကြောင့် လူစာရင်းမှ ချန်လှပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဆန်ချိုကမူ တန်ဟက်ဟာ လိမ်ပြောနေကြောင်းနဲ့ ၎င်းကိုခုတုံးလုပ်ခဲ့တယ်လို့ ပြန်လည်ချေပခဲ့တာကြောင့် ၎င်းတို့နှစ်ဦးအကြား သဘောထားကွဲလွဲမှုတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
 
ထို့နောက်မှာတော့ ၎င်းတို့ရဲ့ပြဿနာဟာ ပြန်လည်ပြေလည်ခြင်းမရှိသေးဘဲ သောင်မတင်ရေမကျဆိုသလို ဖြစ်နေခဲ့တာကြောင့် ယခုအခါယူနိုက်တက်က ၂၀၂၁ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်မှ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်ကို လျှော့ဈေးနဲ့ ထွက်ခွာခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ Daily Star ကဆိုပါတယ်။
 
ဆန်ချိုဟာ အပြောင်းအရွှေ့သမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံး အင်္ဂလိပ်ကစားသမားတွထဲမှ တစ်ဦးဖြစ်သော်လည်း ယူနိုက်တက်အတွက် ကစားခဲ့တဲ့ ၈၂ ပွဲမှာ ၁၂ ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဟာ လူငယ်ကစားသမားဘဝ မန်ချက်စတာစီးတီးနဲ့ ဒေါ့မွန်အသင်းမှာ ရှိနေခဲ့စဉ်တုန်းကလည်း ၎င်းရဲ့စိတ်နေသဘောထားနဲ့ပတ်သက်ပြီး မေးခွန်းတွေ ထုတ်ခံခဲ့ရဖူးပါတယ်။
 
လက်ရှိမှာတော့ တောင်ပံကစားသမားဟာ ၎င်းရဲ့အိုးထရက်ဖို့ဒ်ကစားသမားဘဝ စိတ်ပျက်စရာခြေစွမ်းကို အဆုံးသတ်ပြီး အသင်းမှထွက်ခွာခဲ့ပါက ယူနိုက်တက်အတွက် နောက်တစ်ကြိမ်ပြန်ကစားနိုင်မယ့်အခွင့်အရေးဟာ အလွန်နည်းသွားမှာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့ မနက်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်ပြီး အသင်းရဲ့လူစာရင်းမှာ ဆန်ချိုပါဝင်နိုင်ခြင်းရှိမရှိကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။