The network connection is lost.

Banner Image

လက်မခံနိုင်စရာ အကြောင်းပြချက်တွေကြောင့် မော်ရင်ဟိုကိုထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ဖီနာဘာချီဥက္ကဌ ဝန်ခံ

ဖီနာဘာချီဥက္ကဌ အာလီကော့က နည်းပြဟိုဆေးမော်ရင်ဟိုက ရာထူးမှထုတ်ပယ်ခဲ့ခြင်းမှာ ပေါ်တူဂီသားရဲ့နည်းစနစ်တွေဟာ အသင်းအတွက် တိုးတက်လာဖို့အကူအညီမပေးနိုင်ခြင်းကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီ ဩဂုတ်လကမှ ဖီနာဘာချီကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပေမယ့် ၁ နှစ်ခန့်သာ အသင်းမှာနေထိုင်ခွင့်ရခဲ့ပြီး ယခုအခါမှာတော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ် ခြေစစ်ပွဲမှာ ဘင်ဖီကာကို နှစ်ကျော့ပေါင်းရလဒ် ၁-၀ နဲ့အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ဖီနာဘာချီဟာ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ 

မော်ရင်ဟိုရဲ့လက်ထက်မှာ ဖီနာဘာချီဟာ ၆၂ ပွဲအတွင်း ၃၇ ပွဲအထိအနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာတော့ တိုးတက်မှုရှိမလာတာကြောင့် အခုလိုဆုံးဖြတ်ခဲ့ရခြင်းဖြစ်တယ်လို့ အာလီကော့က ဆိုပါတယ်။ ကော့က "ကျွန်တော်တို့ မော်ရင်ဟိုကိုထုတ်ပယ်ခဲ့တဲ့အကြောင်းကို ရှင်းပြပါမယ်။ ဒါက ခါးသီးတဲ့လမ်းခွဲမှုတစ်ခုပါ။ ကျွန်တော်တို့ကြားက အချိတ်အဆက်က အတော်လေးအဆင်ပြေခဲ့ပါတယ်။ သူ့ကို ဒီအသင်းကိုခေါ်ယူခွင့်ရခဲ့တာ ဝမ်းသာစရာပါ"

"ကျွန်တော်နဲ့သူက မိတ်ဆွေတွေဆိုတော့ ဒီလိုလမ်းခွဲရတာမကောင်းပါဘူး။ မော်ရင်ဟိုက နောက်တန်းကိုပဲ အဓိကအသားပေးပြီးတည်ဆောက်တတ်တဲ့နည်းပြဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကုန်မှာတော့ ကျွန်တော်တို့ တိုက်စစ်ပိုင်းတိုးတက်ဖို့လိုနေကြောင်း သူ့ကိုပြောခဲ့ပါတယ်။ အခုသူ့ကို ရာထူးကနေထုတ်ပယ်ခဲ့တာ ဘင်ဖီကာကိုရှုံးလို့မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ချန်ပီယံလိဂ်ကနေထွက်ခဲ့ရတာကလည်း လက်မခံနိုင်စရာပါ။ ဒီလိုဆက်သွားမယ်ဆိုရင် အသင်းက ပြီးခဲ့တဲ့ရာသီကလိုပဲ ဖြစ်ဦးမှာပါ။ ဒါကြောင့် ပိုကောင်းတဲ့ကစားပုံရရှိဖို့ မော်ရင်ဟိုနဲ့လမ်းခွဲခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

မော်ရင်ဟိုက ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အတူ အောင်မြင်တဲ့နည်းပြဘဝကို ပုံဖော်နိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်၊ ရိုးမားနဲ့ ယခု ဖီနာဘာချီမှာတော့ ကျရှုံးမှုတွေနဲ့သာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ စပယ်ရှယ်ဝမ်းအနေနဲ့ သူ့ရဲ့နည်းပြဘဝကို ဘယ်အသင်းနဲ့ရှေ့ဆက်သွားဦးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေထပ်ရဦးမလားဆိုတာလည်း မေးခွန်းတစ်ခုအနေနဲ့ ကျန်ရှိနေဆဲဖြစ်ပါတယ်။

ဆက်လက်ပြီး ကော့က ဖီနာဘာချီဟာ အီတလီနည်းပြဟောင်း လူစီယာနိုဆပယ်လတ်တီကို အသင်းအတွက်အစားထိုးခန့်အပ်ဖို့ပြင်ဆင်နေကြောင်းပြောကြားခဲ့ပါတယ်။ သူက "ဆပယ်လတ်လီက ကျွန်တော်တို့ရဲ့ ဦးစားပေးပစ်မှတ်ပါ။ ဒါပေမယ့် သူက ဒီရာသီမှာ နည်းပြအနေနဲ့အလုပ်လုပ်မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အသင်းမှာ နိုင်ငံခြားကစားသမားတွေများတော့ ကျွန်တော်တို့အနေနဲ့ ဥရောပအတွေ့အကြုံရင့် နည်းပြတစ်ယောက်ကို ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။ မကြာခင်မှာပဲ နည်းပြသစ်ရဲ့နာမည်ကို ကြေညာသွားမှာပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုအနေနဲ့ကတော့ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်းတို့ဆီရောက်ရှိဖို့ နီးစပ်နေတယ်လို့သိရပြီး စကော့တလန်ကလပ် ရိန်းဂျားစ်ကလည်း ပေါ်တူဂီသားကို ချိတ်ဆက်နေတာဖြစ်ပါတယ်။