
ချဲလ်ဆီးအတွက် အရေးပါဆုံးကစားသမားတွေက ပယ်လ်မာနဲ့ ဖာနန်ဒက်ဇ်တို့ဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ဆန်းချက်ဇ်
ချဲလ်ဆီးဂိုးသမား ရောဘတ်ဆန်းချက်ဇ်က အသင်းအတွက် အရေးပါဆုံးကစားသမား ၂ ဦးမှာ တိုက်စစ်ကစားသမား ကိုးလ်ပယ်လ်မာနဲ့ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်တို့ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ချဲလ်ဆီးဟာ ယူရိုပါကွန်းဖရန့်လိဂ်ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့သလို၊ ချန်ပီယံလိဂ်ဝင်ခွင့်လည်းရရှိခဲ့တာကြောင့် နည်းပြအန်ဇိုမာရက်စ်ကာလက်ထက်မှာ အောင်မြင်မှုရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင်ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မာရက်စ်ကာရဲ့ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံပီအက်စ်ဂျီကိုအနိုင်ယူပြီး ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။
ယခုနွေရာသီအတွင်း မာရက်စ်ကာဟာ အသင်းရဲ့တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ လီယမ်ဒီလပ်၊ ဂျာအိုပက်ဒရိုနဲ့ ဂျေမီဂစ်တန်တို့ကိုခေါ်ယူခဲ့ပြီး နောက်တန်းအတွက်တော့ ဂျော်ရဲလ်ဟာတိုကိုခေါ်ယူထားခဲ့ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်သို့ ကြယ်ပွင့်ကစားသမားသစ်တွေရောက်ရှိလာခဲ့ပေမယ့် ယခုအခါမှာ ဂိုးသမား ဆန်းချက်ဇ်က အသင်းအတွက်အရေးပါဆုံးကစားသမားတွေက ပယ်လ်မာနဲ့ ဖာနန်ဒက်ဇ်တို့သာဖြစ်တယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။
စပိန်သားက "ကိုးလ်ပယ်လ်မာနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့က အရမ်းတော်တဲ့ကစားသမား ၂ ယောက်ပါ။ ပယ်လ်မာက ကွင်းထဲမှာ စံထားရမယ့်ကစားသမားဖြစ်ပြီး အထင်ကြီးလောက်စရာစွမ်းဆောင်ရည်နဲ့ အသင်းကိုအမြဲတမ်းကူညီပေးနေပါတယ်။ သူက ကြယ်ပွင့်ကစားသမားဖြစ်ပေမယ့် တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူလည်းဖြစ်ပါတယ်။ အန်ဇိုကတော့ သူနဲ့မတူပါဘူး။ သူ့ရဲ့ တသမတ်တည်းဖြစ်တဲ့ပုံစံကိုထိန်းသိမ်းထားပြီး ကွင်းထဲမှာရော ကွင်းပြင်မှာပါ အသင်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်"
"အန်ဇိုဖာနန်ဒက်ဇ်က အသက်ငယ်ပါသေးတယ်။ ဒါပေမယ့် ဒါက သူ့ရဲ့အသက်အရွယ်နဲ့မဆိုင်ပါဘူး။ သူ့ရဲ့အလုပ်လုပ်ပုံ တစ်နေ့တာဖြတ်သန်းပုံတွေအရ အသင်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ ထိုက်တန်ပါတယ်။ အသင်းက လူငယ်တွေအများကြီးနဲ့ဖွဲ့စည်းထားပေမယ့် ရည်ရွယ်ကြီးမားပြီး အရမ်းကြိုးစားကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ၀-၀ နဲ့သရေကျခဲ့တာကြောင့် လာမယ့်စနေနေ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာတော့ ချဲလ်ဆီးအနေနဲ့ နိုင်ပွဲပြန်လည်ရရှိဖို့ အစွမ်းကုန်ကြိုးစားသွားရပါမယ်။