ဂျာမနီလက်ရွေးစင်အသင်းနည်းပြဘ၀ ပထမဆုံးနိုင်ပွဲအတွက် ဝမ်းသာအားရနေတဲ့ ယာဂန်ကလော့ပ်
ဆာဘီးယားကို အနိုင်ယူကာ သူ့လက်ထက် ဂျာမနီလက်ရွေးစင်အသင်းအတွက် ပထမဆုံးနိုင်ပွဲရရှိမှုအပြီး ယာဂန်ကလော့ပ်က သူ့အသင်းရဲ့စွမ်းဆောင်ရည်ကို အလွန်သဘောကျကျေနပ်နေခဲ့ပါတယ်။
ယာဂန်ကလော့ပ်လက်အောက် ဂျာမနီအသင်းက နယ်သာလန်နဲ့တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့အတူ ဂရိကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ကြာသပတေးနေ့၊ မြူးနစ်မြို့ရှိ အလိုင်းယန့်ဇ်အရီနာကွင်းမှာ ဆားဘီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ နည်းပြသစ်လက်ထက် ပထမဆုံးနိုင်ပွဲကို ရရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး နိုင်ပွဲအတွက် ဘယ်အရာကို အကြိုက်ဆုံးဖြစ်နေသလဲလို့ မေးမြန်းရာမှာ ယာဂန်ကလော့ပ်က "အားလုံးပါပဲ! ပွဲအစ၊ ပွဲအလယ်နဲ့ ပွဲပြီးချိန်အထိ အရာအားလုံးကို ကြိုက်ပါတယ်" လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ်နည်းပြက ဘောလုံးပိုင်ဆိုင်ထားချိန်ရော၊ ဘောလုံးဆုံးရှုံးထားချိန်မှာပါ သူ့အသင်းကစားသွားခဲ့တဲ့ပုံစံအတွက် ဂုဏ်ယူနေခဲ့ပါတယ်။
"ပင်နယ်တီဧရိယာအတွင်း နေရာယူပုံတွေ မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ အားလုံးအတူတကွ ဘောလုံးပြန်လုနိုင်မယ်ဆိုရင် ရဲရဲဝံ့ဝံ့စွန့်စားကစားနိုင်တယ်ဆိုတာကို သိနားလည်တဲ့သတ္တိမျိုး ရှိခဲ့ကြပါတယ်။ ဖိအားပေးကစားတဲ့ အခိုက်အတန့်တွေမှာ လူတိုင်း ပါဝင်ခဲ့ကြပါတယ်။ နောက်ဆုံးခံစစ်တန်းကလည်း ရှေ့အထိတက်ကစားပြီး ကောင်းကောင်းမွန်မွန် ကာကွယ်သွားခဲ့ပါတယ်"
"ဘောလုံးမရှိချိန်မှာ စွမ်းဆောင်ရည်ပိုင်း ထူးချွန်ခဲ့သလို ဘောလုံးရှိချိန်မျာလည်း ကျွန်တော်တို့ အံ့ဩဖွယ်ကောင်းတဲ့ ဘောလုံးကစားဟန်ကို ကျင့်သုံးနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အခြေခံစံနှုန်းတစ်ခု ဖြစ်ရပါမယ်။ အမြဲတမ်း ဒီလို လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ဒီပွဲက ကျွန်တော့်ရဲ့မှတ်တမ်းမှတ်ရာတွေထဲ ထည့်သွင်းရမယ့် ပွဲစဉ်ဖြစ်သလို ကျွန်တော်တို့ တိုးတက်မငအတွက် နောက်ထပ်ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သင်ယူနေဆဲဖြစ်ပါတယ်။ ဖိအားတွေအောက် သင်ယူနေကြရတာပါ" လို့ ကလော့ပ်က ပြောပါတယ်။
လက်ရှိမှာ ယာဂန်ကလော့ပ်ရဲ့ဂျာမနီအသင်းက လာမယ့်တနင်္ဂနွေနေ့၊ သက်ဆာလိုနီကီမြို့မှာ အုပ်စု A2 ဦးဆောင်သူ ဂရိနဲ့ ပြန်လည်ရင်ဆိုင်ရချိန် ပထမအကျော့ရှုံးနိမ့်မှုအတွက် လက်စားချေနိုင်ဖို့ ကြိုးစားသွားရပါမယ်။