စကော့ရဲ့ကာလရှည်ဒဏ်ရာရရှိမှုနဲ့ပတ်သက်လို့ အင်္ဂလန်ရဲ့ကိုင်တွယ်ပုံကို ကာကွယ်ပြောဆိုလိုက်တဲ့ တူချယ်
ဘုန်းမောက်ကစားသမားအတွက် နှစ်လကြာအနားယူရစေမယ့် ဒဏ်ရာပြဿနာမပေါ်ပေါက်ခင်အထိ စွန့်စားမှုတွေ လုံး၀မပြုလုပ်ခဲ့ဘူးလို့ အခိုင်အမာပြောကြားရင်း စကော့နဲ့ပတ်သက်လို့ အင်္ဂလန်အသင်းရဲ့ကိုင်တွယ်ပုံကို တူချယ် ကာကွယ်ပြောကြားခဲ့သလို ကွင်းလယ်လူရဲ့ပေါင်ကြွက်သားဒဏ်ရာကိုလည်း ထူးဆန်းတဲ့ကိစ္စတစ်ခုအဖြစ် ပုံဖော်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ဖလော်ရီဒါမှာပြုလုပ်တဲ့ ကမ္ဘာ့ဖလားအကြို လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခြင်းမတိုင်ခင် ပြီးခဲ့တဲ့နိုဝင်ဘာလ၊ လက်ရွေးစင်အဆင့်ရွေးချယ်မှုနဲ့ လွဲချော်ပြီးနောက် စီနီယာလက်ရွေးစင်အသင်းမှာပါဝင်ဖို့ စိတ်ရှည်ရှည်စောင့်ဆိုင်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ ချက်မြေမှာ ၀-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်ကို လူစားဝင်ကစားသမားအဖြစ် ပါဝင်ပြီးနောက် စကော့က ခရိုအေးရှားကွင်းမှာ ၀-၇ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ စနေနေ့ပွဲစဉ်အတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။
အခုနိုင်ငံတကာသီတင်းပတ် အဆုံးသတ်မယ့် အင်္ဂါနေ့၊ ချက်နဲ့အိမ်ကွင်းပွဲစဉ်အတွက် ဒီကွင်းလယ်လူကို ပွဲထုတ်ဖို့ တူချယ်ကိုယ်တိုင် ရည်ရွယ်ထားပေမဲ့ ကစားသမားအတွက် နှစ်လအထိ အနားယူရမယ့် ဒဏ်ရာအခြေအနေ မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့ပါတယ်။
အင်္ဂလန်နည်းပြက "ဒါ အနည်းငယ်ထူးဆန်းတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီကိစ္စအတွက် ကျွန်တော် အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ စကော့က ခရိုအေးရှားနဲ့ ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေး နှစ်ကြိမ်လုံးကို အပြည့်အဝပါဝင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းပြီးချိန်တွေမှာလည်း အပို လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သူ ဆေးကုသမှုခံယူနေရတာကို ကျွန်တော်တို့ သိပေမဲ့ သူ့ကိုယ်တိုင်ရော၊ ဆေးဘက်ဆိုင်ရာအဖွဲ့ကပါ ပွဲကစားဖို့အတွက် မီးစိမ်းပြခဲ့ပါတယ်"
"ပွဲစဉ်အတွင်းမှာ သူ အနည်းငယ်မသက်မသာဖြစ်နေတာကို သတိပြုမိလို့ ကျွန်တော်တို့ သူ့ကို မေးမြန်းခဲ့ပါတယ်။ လူစားလဲချင်သလားလို့ မေးတဲ့အခါ သူက 'မထွက်ချင်ဘူး' လို့ ပြောခဲ့ပါတယ်"
"ပွဲအပြီးမှာတော့ သူက 'အခုလိုလုပ်တာ မှန်ကန်ပေမဲ့ ကျွန်တော် မိနစ် ၉၀ ပြည့် ကစားနိုင်ခဲ့ပါတယ်၊ ဒဏ်ရာရတယ်လို့လည်း မခံစားရပါဘူး' လို့ ပြောပါတယ်။"
"Scan ဖတ်စစ်ဆေးမှုမတိုင်ခင် တစ်ရက်မှာတောင် သူက ဒဏ်ရာမရှိဘူးလို့ ခံစားနေရလို့ ဒါ တကယ်ထူးဆန်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Scan အဖြေရဲ့ တိကျမှု၊ သူလွဲချော်မယ့် ခန့်မှန်းအချိန်တွေနဲ့ သူ့ရဲ့ခံစားချက်က လုံးဝ မကိုက်ညီနေလို့ပါပဲ"
"ဒါက သူ့ရဲ့ခံစားချက်နဲ့ရော၊ ပွဲမတိုင်ခင်ရော ပွဲချိန်လုပ်ငန်းစဉ်တွေနဲ့ပါ လုံး၀မကိုက်ညီပါဘူး။ ကျွန်တော်တို့ဘက်က စွန့်စားမှု လုံး၀မပြုလုပ်ခဲ့ပါဘူး။ ဒီလိုဖြစ်လာနိုင်မယ့် ဘယ်လိုစွန့်စားမှုမျိုးကိုမဆို ရှိနေတယ်ဆိုတာတောင် သတိမပြုမိခဲ့ပါဘူး။ ဒါက တစ်ကြိမ်တစ်ခါသာ ကြုံရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုပါပဲ" လို့ ဆိုပါတယ်။
အာဆင်နယ်နောက်ခံလူကွန်ဆာလည်း ခရိုအေးရှားနဲ့ပွဲစဉ်မှာ ထိခိုက်ဒဏ်ရာရရှိပြီး တနင်္လာနေ့စခန်းသွင်းလေ့ကျင့်မှုမှ ထွက်ခွာသွားပေမဲ့ တူချယ်ကတော့ ကြီးကြီးမားမားအဖြစ်အပျက်မျိုး မဟုတ်ဘူးလို့ မျှော်လင့်ထားပါတယ်။
စကော့ရဲ့ဒဏ်ရာအခြေအနေကတော့ ပိုမိုစိုးရိမ်စရာကောင်းပြီး နိုဝင်ဘာလနိုင်ငံတကာပွဲစဉ်တွေအပြင် ဘုန်းမောက်ရဲ့ပြည်တွင်းပြည်ပအရေးကြီးပွဲစဉ်တွေကိုပါ လွဲချော်သွားပါတော့မယ်။
တူချယ်က "အဓိကကစားသမားတစ်ဦးကို ဆုံးရှုံးလိုက်ရတာကြောင့် ဘုန်းမောက်လည်း စိတ်မကောင်းဖြစ်ပြီး မပျော်မရွှင်ဖြစ်ရမယ်ဆိုတာကို ကျွန်တော် ရာနှုန်းပြည့် နားလည်ပါတယ်။ ဒါပေမဲ့ သူ့ကို ပွဲကစားခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ချိန်မှစလို့ ဒဏ်ရာရနိုင်မယ့် ဘယ်လိုစွန့်စားမျိုးကိုမဆို ကျွန်တော်ကိုယ်တိုင်ရော၊ ကျွန်တော်တို့ရဲ့ကာယကြံ့ခိုင်ရေးဝန်ထမ်းတွေပါ လုံး၀မသိရှိဘူးဆိုတာကိုပဲ ပြောနိုင်ပါတယ်" လို့ ဆိုပါတယ်။
အင်္ဂလန်နဲ့ ဘုန်းမောက်ဆေးဘက်ဆိုင်ရာအဖွဲ့အကြား ပွင့်ပွင့်လင်းလင်း အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့ တူချယ်က အခိုင်အမာပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေလည်း လက်ရွေးစင်အသင်းရဲ့ဖွဲ့စည်းပုံအပေါ် ယုံကြည်မှုရှိသင့်တယ်လို့ အလေးပေး ပြောဆိုခဲ့ပါတယ်။
တူချယ်က "ကစားသမားတွေကို ဘယ်လိုပုံစံအသုံးပြုရမလဲဆိုတဲ့ ကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုမှာ ကျွန်တော် မပါဝင်ပါဘူး"
"ဒီသီတင်းနှစ်ပတ်ခွဲကာလအတွင်း ကစားသမားတွေဆိုတာ ကျွန်တော်တို့ရဲ့ ကစားသမားတွေသာ ဖြစ်ပြီး ကလပ်အသင်းတွေလည်း ကစားသမားတွေရဲ့ကျန်းမာရေးကို ဦးစားပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်သလို ကျွန်တော်တို့ဘက်ကလည်း ကစားသမားတွေရဲ့ ကျန်းမာရေးကို ရှေ့တန်းတင်တယ်ဆိုတာ ကလပ်အသင်းတွေ ယုံကြည်ပေးရပါမယ်"
"ကျွန်တော်တို့ရဲ့အသင်းလူစာရင်းရွေးချယ်မှုတွေမှာ ဒါကို ခင်ဗျားတို့ မြင်တွေ့နိုင်ပြီး ဘယ်တော့မှ မပြောင်းလဲမယ့် ကိစ္စမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းဆီ ဖုန်းဆက်ပြီး အကြံဉာဏ်တောင်းနေတာမျိုးတော့ လုပ်သွားဖို့ မရှိပါဘူး။ အဲ့ဒီလိုသာလုပ်နေရင် အခုလောက်ဆို လေ့ကျင့်ရေးစခန်းမှာ လူတောင် မကျန်တော့ပါဘူး"
"ကျွန်တော်တို့အတွက် လေးပွဲကစားရဖို့ရှိပြီး ဒါ အရေးအကြီးဆုံးအရာပါပဲ။ ဒီသီတင်းပတ်နှစ်ပွဲခွဲအတွှု်းမှာ ဒီပွဲစဉ်လေးခုက တခြားဘယ်အရာထက်မဆို ပိုအရေးကြီးပါတယ်။ ကိုယ့်နိုင်ငံအတွက် ကစားပေးရတယ်ဆိုတာ ဂုဏ်ယူစရာ၊ ဂုဏ်သိက္ခာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာပဲ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။