
ဆားဘီးယားနဲ့ပွဲမှာ အင်္ဂလန်က အကောင်းဆုံးမွန်ဆုံးအသင်းလိုက်ကစားပုံကိုပြသခဲ့တယ်လို့ တူချယ်လ်ချီးကျူး
အင်္ဂလန်လက်ရွေးစင်နည်းပြ သောမတ်စ်တူချယ်လ်က အသင်းရဲ့ကစားသမားတွေဟာ ဆားဘီးယားကို ၀-၅ နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အကောင်းမွန်ဆုံး အသင်းလိုက်ကစားဟန်ကို ပြသနိုင်ခဲ့ကြတယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် အင်္ဂလန်ဟာ အုပ်စု(K) ကို ထိပ်ဆုံးကနေဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပြီး ဆားဘီးယားနဲ့ပွဲမှာ အသင်းအတွက်ဂိုးတွေကိုတော့ ဟယ်ရီကိန်း၊ နိုနီမာဒူကီ၊ အက်ဇ်ရီကွန်ဆာ၊ မာ့ခ်ဂူဟီနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ဟာ ဆားဘီးယားကို ပထမပိုင်းမှာတင် ၀-၂ နဲ့ဦးဆောင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၀-၄ နဲ့ဦးဆောင်ချိန်မှာတော့ ဆားဘီးယားဘက်မှ နီကိုလာမီလင်ကိုဗစ်က အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ တစ်ယောက်အသာနဲ့ မိနစ် ၂၀ ခန့်ကစားခဲ့ရပါတယ်။ အင်္ဂလန်အတွက် ပွဲသိမ်းဂိုးကိုတော့ မိနစ် ၉၀ အရောက်မှာ လူစားဝင်ကစားသမားရက်ရှ်ဖို့ဒ်က ပင်နယ်တီမှတစ်ဆင့်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ယခုနိုင်ပွဲကြောင့် အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အုပ်စုအတွင်း ၅ ပွဲကစား ၅ ပွဲနိုင်ရလဒ်ကို ဖော်ဆောင်ထားနိုင်ပြီး ခြေစွမ်းပိုင်းမှာလည်း သိသိသာသာတိုးတက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ တူချယ်လ်က "ဒီပွဲမှာ အသင်းလိုက်ကစားပုံက အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးနိုင်ခဲ့ပြီး အာရုံစူးစိုက်မှုလည်း ကောင်းခဲ့ပါတယ်။ ဆားဘီးယားက အိမ်ကွင်းကောင်းတဲ့အသင်းဖြစ်ပေမယ့် ကျွန်တော်တို့ဘက်က ဂိုးပေါက်ကန်သွင်းခွင့်တွေမပေးခဲ့ပါဘူး"
"ခံစစ်မှာ ဂိုးမပေးရဖို့ဆိုရင် တစ်သင်းလုံး တစ်ယောက်နဲ့တစ်ယောက်ကူညီနေဖို့လိုပါတယ်။ အသင်းရဲ့ စည်းကမ်းကျတဲ့ကစားဟန်ကြောင့် ဒီနေ့မှာ Clean Sheet လည်းရရှိခဲ့ပါတယ်။ ကစားသမားတွေကို ချီးကျူးပါတယ်။ ကျွန်တော်တို့မှာ လေ့ကျင့်ရေးပြုလုပ်ချိန်က ၃ ပတ်ပဲရှိခဲ့တာပါ။ ဒါပေမယ့် ကစားသမားတွေအားလုံး အချိတ်အဆက်မိမိနဲ့ ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အင်္ဂလန်ဟာ အုပ်စုအတွင်း ဒုတိယနေရာက အယ်လ်ဘေးနီးယားကို ၇ မှတ်အထိဖြတ်တောက်ထားနိုင်တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လွတ်လွတ်ကျွတ်ကျွတ်အောင်မြင်ဖို့ နောက်ဆုံး ၃ ပွဲအတွင်း ရမှတ် ၅ မှတ်သာလိုအပ်တော့တာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ လာမယ့်နွေရာသီမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ဧည့်ခံကျင်းပသွားမှာဖြစ်ပါတယ်။