The network connection is lost.

Banner Image

ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ လုံး၀မစဉ်းစားခဲ့ဘူးလို့ အတည်ပြုလိုက်တဲ့ မန်စီးတီးကစားသမားသစ်အန်ဒါဆန်

အိလီယော့အန်ဒါဆန်က အားလပ်ရက်ကာလတွေအတွင်း မန်ချက်စတာယူနိုက်တက်ကစားသမားအချို့ရဲ့ အိုးထရက်ဖို့ဒ်ဆီလာရောက်ဖို့ဆိုတဲ့ ကမ်းလှမ်းမှုအချို့ကို လက်ခံရရှိခဲ့ပေမဲ့ သရဲနီတွေဆီပြောင်းရွှေ့ဖို့အတွက် လုံး၀မနီးစပ်ခဲ့ပါဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားက ဇွန်လ၊ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း နော်တင်ဟမ်ဖောရက်စ်မှ မန်စီးတီးဆီ ပေါင် ၁၁၆ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီကာလမှာ ပြောင်းရွှေ့ကြေးအမြင့်မားဆုံးဗြိတိန်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

သူ့ရဲ့ပြောင်းရွှေ့ကြေးစံချိန်ကိုတော့ ပြီးခဲ့တဲ့ဇူလိုင်လ၊ မော်ဂန်ရိုဂျာစ်အတွက် အက်စတွန်ဗီလာဆီ ချဲလ်ဆီးပေးချေတဲ့ ပေါင် ၁၁၇ သန်းဆိုတဲ့ပမာဏက ကျော်ဖြတ်သွားခဲ့ပါပြီ။

အန်ဒါဆန်နဲ့ ပရိသတ်တွေအကြား မိတ်ဆက်ပေးမှုကိုတော့ ဗုဒ္ဓဟူးနေ့၊ အီတီဟတ်ကွင်းရှိ ကလပ်အသင်းစတိုးဆိုင်မှာ ပြုလုပ်ခဲ့ပြီး ဂိုးသမားသစ်ရူလီ၊ ဂူဟီနဲ့ ဒွန်နာရမ်မာတို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာပဲ အားလပ်ရက်ကာလအတွင်း မန်ချက်စတာယူနိုက်တက်ကစားသမားအချို့နဲ့ စကားပြောဖြစ်ခဲ့တယ်လို့ အန်ဒါဆန်က ဖွင့်ဟပါတယ်။ "ကျွန်တော် ပေါ်တူဂီမှာ ဂေါက်ရိုက်နေရင်း ယူနိုက်တက်ကစားသမားအချို့နဲ့ တွေ့ခဲ့ပါတယ်။ စကားကောင်းကောင်း ပြောဖြစ်ကြတာတွေ ရှိပေမဲ့ ကျွန်တော့်မှာ ချမှတ်ပြီးသားဆုံးဖြတ်ချက် ရှိနေပြီး မန်စီးတီးကိုပဲ ရွေးချယ်ခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်က သူ့ကို စည်းရုံးနိုင်ခဲ့တာမျိုး ရှိလားလို့ မေးတဲ့အခါမှာတော့ သူက "မရှိပါဘူး" လို့ပဲ ဖြေခဲ့ပါတယ်။

သူက အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာ ပြင်သစ်ကိုအနိုင်ယူခဲ့တဲ့ တတိယနေရာလုပွဲမှလွဲလို့ အာဂျင်တီးနားကိုအရေးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပါအဝင် ပွဲတိုင်းမှာ ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့၊ ကာဒစ်ဖ်မှာကစားမယ့် အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကတော့ အန်ဒါဆန်အတွက် မန်စီးတီးကစားသမားဘ၀ ပွဲဦးထွက် ဖြစ်လာနိုင်ပါတယ်။

မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးပမာဏကြောင့် ဖိအားရှိသလားဆိုတဲ့ မေးခွန်းအပေါ် အန်ဒါဆန်က "မရှိပါဘူး၊ ကျွန်တော် အေးအေးဆေးဆေးပါပဲ" လို့ တုံ့ပြန်ပြောဆိုပါတယ်။ "ကျွန်တော် ဘာတွေလုပ်နိုင်လဲဆိုတာကို အားလုံးကို ပြသချင်သလို အဲဒီဈေးနှုန်းအပေါ်မှာလည်း အာရုံသိပ်မထားချင်ပါဘူး။ ရာသီတစ်လျှောက်လုံးမှာ ကျွန်တော်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည် ဘာလဲဆိုတာကို ပရိသတ်တွေဆီ သက်သေပြသွားနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ အန်ဒါဆင်က ပြောကြားခဲ့ပါတယ်။