
အာဆင်နယ်နဲ့ပွဲစဉ်က ခြေစမ်းပွဲတစ်ခုဆိုတာထက် ပိုပါတယ်လို့ ဖွင့်ဟဝန်ခံလိုက်တဲ့ သောမတ်စ်ဖရန့်ခ်
တော့တင်ဟမ်နည်းပြသစ်သောမတ်စ်ဖရန့်ခ်က အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် ရာသီကြိုပွဲစဉ်ကို ခြေစမ်းပွဲတစ်ခုဆိုတာထက် ပိုပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ဒီကလပ်အသင်းနှစ်ခုက ဗြိတိန်ကျွန်းပြင်ပ ပထမဆုံးမြောက်လန်ဒန်ဒါဘီပွဲစဉ်ကို လာမယ့်ကြာသပတေးနေ့မှာ ဆင်နွှဲသွားပါလိမ့်မယ်။ ဟောင်ကောင်ရှိ ပရိသတ် ၅၀,၀၀၀ ဆံ့ Kai Tak Stadium ကွင်းမှာ ရင်ဆိုင်ကစားမယ့် အခုပွဲစဉ်အတွက် လက်မှတ်အားလုံးရောင်းချထားနိုင်တယ်လို့လည်း သိရပါတယ်။
ဒိန်းမတ်လူမျိုးနည်းပြက “ ကြီးကျယ်ခမ်းနားလွန်းတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ပြိုင်ဘက်ကြီးဖြစ်သလို ဗြိတိန်ကျွန်းပြင်ပမှာကစားရမယ့် မြောက်လန်ဒန်ဒါဘီလည်း ဖြစ်ပါတယ်။ စိတ်မကောင်းလှစွာနဲ့ဘဲ ပြောရမယ်ဆိုရင် အခုအချိန်မှာ သူတို့တွေက အကောင်းဆုံးအသင်းတွေအနက် တစ်ခုအဖြစ် ပါဝင်နေပါတယ်။ (ပြုံးလျက်) အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်က ခြေစမ်းပွဲစဉ်တစ်ခုဆိုတာထက် ပိုပါတယ်။ ကျွန်တော်တို့လည်း အနိုင်ရရှိဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။
တော့တင်ဟမ်အသင်းကို ၁၇ နှစ်ကြာ ဆုဖလားလက်မဲ့ဘဝအဆုံးသတ်အောင် ဦးဆောင်ပေးပြီး ယူရိုပါလိဂ်အောင်ပွဲဆီ ခေါ်ဆောင်ပေးသွားတဲ့ နည်းပြပိုစတီကိုဂလူရဲ့နေရာမှာ သောမတ်စ်ဖရန့်ခ်က ပြီးခဲ့တဲ့လအတွင်း တာဝန်ယူခဲ့ပါတယ်။ သူတို့တွေက ဝက်စ်ဟမ်းအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားမိုဟာမက်ကူဒက်စ်ကို ပေါင် ၅၅ သန်းဖြင့် အပြီးသတ်ခေါ်ယူထားနိုင်ပေမယ့် နော်တင်ဟမ်ဖောရက်စ်ကစားသမားဂစ်ဝှိုက်ကိုခေါ်ယူဖို့ ကြိုးပမ်းရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။
သောမတ်စ်ဖရန့်ခ်ကတော့ သူနဲ့ ကလပ်အသင်းအကြား ကစားသမားအပြောင်းအရွှေ့တွေအတွက် ပုံမှန်ပြောဆိုဆွေးနွေးနေပေမယ့် ဘာတွေဆွေးနွေးနေသလဲဆိုတာတော့ ထုတ်မပြောလိုပါဘူးလို့ ဆိုပါတယ်။ သူက “ ယေဘုယျအားဖြင့် အသင်းလူစာရင်းပိုင်းနဲ့ပတ်သက်လို့ ကျွန်တော် ကျေနပ်မိပါတယ်။ ယေဘုယျအားဖြင့် ကျွန်တော်တို့တွေ ဘယ်နေရာတွေမှာ အားဖြည့်သွားချင်သလဲဆိုတာကိုလည်း သိရှိထားပါတယ်။ ကူဒက်စ်ကတော့ သူ့ရဲ့အရည်အသွေးတွေကို ပြသသွားခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကစားသမားသစ်တွေကိုလည်း ရှာဖွေနေပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်-၁၇ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ တော့တင်ဟမ်ရဲ့အဓိကပြဿနာတွေအနက် တစ်ခုကတော့ ကစားသမားဒဏ်ရာရရှိမှုအပိုင်း ဖြစ်ပါတယ်။ သောမတ်စ်ဖရန့်ခ်ကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ကြံ့ခိုင်မှု ပိုင်းပြဿနာတွေကို သိရှိထားပြီး ကြံ့ခိုင်မှုအပြည့်ရှိနေမယ့် အသင်းလူစာရင်းတစ်ခု ရရှိဖို့သာ အရေးအကြီးဆုံးအရာဖြစ်လာလိမ့်မယ်လို့ ရှင်းပြပါတယ်။
သောမတ်စ်ဖရန့်ခ်က “ ဒါက ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ကလပ်အသင်းအတွက်မဆို အရေးအကြီးဆုံးအရာတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကစားသမားတွေကို အသုံးပြုနိုင်စွမ်းကသာ အဓိကသော့ချက်ဖြစ်ပါတယ်။ ပွဲစဉ်တွေပိုမိုများပြားလာခြင်းနဲ့အတူ ပွဲစဉ်တွေရဲ့ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းတို့ကြောင့် ဒီအချက်ကိုရရှိဖို့ ခက်ခဲပါတယ်။ ကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့မှာ ရာသီကြိုပြင်ဆင်မှုကာလ လုံလုံလောက်လောက်ရှိနေတာပါပဲ။ ဆိုလိုတာက ကစားသမားတွေအပေါ် တွန်းအားပေးသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ ဘယ်လိုပုံစံမျိုးကစားချင်သလဲဆိုတာ သိရှိထားပါပြီ။ ဆက်ပြီးတော့ လေ့ကျင့်ချင်ပြီး ပြီးပြည့်စုံဖို့ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုအနည်းငယ်တော့ လုပ်ထားပါတယ်။ ဒီအတွက် အောင်မြင်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။