
တော့တင်ဟမ်ရဲ့ ကစားသမားအရွှေ့အပြောင်းတွေကို ကူလူဆက်ဗ်စကီး ဝေဖန်
နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်တောင်ပံကစားသမား ဒီဂျန်ကူလူဆက်ဗ်စကီးက အသင်းရဲ့ ကစားသမားအရွှေ့အပြောင်းလုပ်ငန်းစဉ်တွေအပေါ် ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
အင်္ဂါနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၁-၂ နဲ့အရေးနိမ့်ခဲ့တဲ့ တော့တင်ဟမ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁၈ ပွဲအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ အန်ဂျီပိုစတီကိုဂလူရဲ့အသင်းဟာ အရန်ကစားသမားတွေကိုသာ အသုံးပြုနိုင်တာကြောင့် ပုံစံကောင်းရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာသာ ရပ်တည်ထားနိုင်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ တော့တင်ဟမ်ဟာ ဒိုမီနစ်ဆိုလန်ကီ၊ အာချီဂရေးနဲ့ ဝီလ်ဆန်အိုဒိုဘာ့တို့ကို ခေါ်ယူခဲ့ပေမယ့် အသင်းဟာ ပုံစံကောင်းမှာရှိမနေခဲ့ဘဲ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပရီးမီးယားလိဂ်ရပ်တည်မှုနဲ့ ကြုံတွေ့ရဖို့ အလားအလာများနေတာဖြစ်ပါတယ်။ ယခုအခါမှာ ကူလူဆက်ဗ်စကီးကို အသင်းရဲ့ပုံစံက ဘာကြောင့် တည်ငြိမ်မှုမရှိတာလဲလို့ မေးမြန်းခဲ့ရာ ကစားသမား အပြောင်းအရွှေ့လုပ်ငန်းစဉ်တွေကြောင့်ဖြစ်တယ်လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။
ကူလူဆက်ဗ်စကီးက "ထိပ်တန်းအသင်းတွေက နှစ်တိုင်းမှာ ကစားသမားတွေခေါ်နေတာပါပဲ။ ပြီးတော့ သူတို့က သူတို့ဘာလုပ်နေတယ်ဆိုတာ တိတိကျကျသိကြပါတယ်။ကစားသမားတွေအများကြီးခေါ်ပြီး ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင်နေကြပါတယ်။ သူတို့မှာ ကြိုတင်ပြင်ဆင်မှုတွေလည်း ရှိကြပါတယ်။ ဒီနှစ် ကျွန်တော်တို့မှာတော့ ကြိုတင်ပြင်ဆင်မှုမရှိဘူးလို့ ပြောရမှာပါပဲ"
"ကစားသမားတွေဒဏ်ရာရတော့ ကျွန်တော်တို့မှာ ပြန်လည်ဖြည့်ဆည်းဖို့ လူအင်အားအပြည့်အဝမရှိပါဘူး။ ဒဏ်ရာပြဿနာကို ကျွန်တော်တို့ မကိုင်တွယ်နိုင်ပါဘူး။ ဒါကြောင့် အခုချိန်မှာ အဲဒီအတွက် ပေးဆပ်နေရတာပါ။ ဒီလိုအခြေအနေနဲ့ နိုင်ပွဲရဖို့ ခက်ပါတယ်။ ဘက်ပေါင်းစုံမှာ မှန်မှန်ကန်ကန်မလုပ်နိုင်ရင် နိုင်ပွဲရမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ကူလူဆက်ဗ်စကီးဟာ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ရာသီနောက်ဆုံးအချိန်တွေမှာ သူ့အနေနဲ့ ပိုကောင်းတဲ့ခြေစွမ်းကို ပြသနိုင်မယ်လို့ ယုံကြည်ကြောင်းကို ကစားသမားက "ကျွန်တော်အခုချိန်မှာ ခံစားချက်ကောင်းနေပါတယ်။ လက်ရှိအသင်းရဲ့ရလဒ်တွေအတွက်တော့ အရမ်းဒေါသထွက်နေပါတယ်။ ဒီထက်ပိုကောင်းတဲ့ရလဒ်မျိုး ဖန်တီးချင်ပါတယ်။ ကျွန်တော်ပြန်လာပါပြီ။ ကြံ့ခိုင်မှုအပြည့်ရှိနေပြီး အာရုံစူးစိုက်မှုလည်း ကောင်းနေပါတယ်။ ပြုလုပ်လို့အပ်တာတွေအားလုံးကို ပြုလုပ်ခဲ့ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာ အတတ်နိုင်ဆုံး အသင်းအတွက်ပေးဆပ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်ဟာ လီဗာပူးကို အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဘိုဒိုဂလင့်နဲ့ယှဉ်ပြိုင်သွားရပါမယ်။