
အပိုထပ်ဆောင်းလေ့ကျင့်ရေးအစီအစဉ်တွေမှာ အစွမ်းကုန်ကြိုးစားအားထုတ်နေတဲ့ လီဗာပူးကြယ်ပွင့်
လီဗာပူးအသင်းမှာ အထနှေးနေမှု ကို အဆုံးသတ်နိုင်ဖို့ ရည်မှန်းထားတဲ့ ဖလော်ရီယန်ဝစ်ဇ်က ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူရှိနေချိန် အပိုလေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်ခြင်းအတွက် ချီးကျူးဂုဏ်ပြုမှု ရရှိနေပါတယ်။ ယမန်နေ့ထုတ် BILD မဂ္ဂဇင်းရဲ့မျက်နှာဖုံးသတင်းအရ ကွင်းလယ်လူက လီဗာပူးမှာကြုံတွေ့နေရတဲ့ စိတ်ပျက်စရာတွေကို ကျော်လွှားနိုင်ဖို့ အပိုလေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဖလော်ရီယန်ဝစ်ဇ်က အခုအချိန်အထိ အသင်းသစ်မှာ အခြေတကျမဖြစ်လာသေးပါဘူး။ သူက အခုအချိန်အထိ လီဗာပူးကစားသမားဘဝအဖွင့်ဂိုး မရရှိသေးဘဲ ဂိုးဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် လတ်တလောနောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာလည်း ဖလော်ရီယန်ဝစ်ဇ်ကို အရန်လူစာရင်းမှာသာ မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ လေဗာကူဆင်ကြယ်ပွင့်ဟောင်းက အရာရာတိုင်းကို အလှည့်အပြောင်းဖြစ်စေဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းအတွက်ဆိုရင်လည်း အလားတူပါပဲ။ အခုသီတင်းပတ်၊ ဂျာမနီအသင်းရဲ့ပုံမှန်လေ့ကျင့်ရေးအစီအစဉ်အပြီးမှာ ဖလော်ရီယန်ဝစ်ဇ်က ဂိုးသွင်းယူမှုလေ့ကျင့်ခန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းအတွက် Gym လေ့ကျင့်ရုံဆီ ထွက်ခွာသွားခဲ့ပါတယ်။
ဂျာမန်ကြယ်ပွင့်ရဲ့အခုလိုကြိုးစားအားထုတ်မှုတွေက အသိအမှတ်ပြုစရာကောင်းပါတယ်။ တကယ်လည်း ဘယ်နောက်ခံလူဒေးဗစ်ရောင်က လီဗာပူးကစားသမားရဲ့ထပ်ဆောင်းလေ့ကျင့်မှုတွေအတွက် ချီးကျူးဂုဏ်ပြုပေးဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။
ဒေးဗစ်ရောင်က “ ကောင်လေးတော့ အပြင်းအထန်ကြိုးစားနေပြီး ကွင်းတွင်းမှာရော၊ ကွင်းပြင်ပမှာပါ ခွန်အားတွေ ပြသနေပါတယ်။ ဒီနေ့မှာဆိုရင်လည်း ကောင်လေးက ကွင်းတွင်းမှာ အကြာဆုံးရှိနေတဲ့ကစားသမားတွေအနက် တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီကောင်လေးကို ကျွန်တော်တို့ ယုံကြည်ထားပြီး သူ့ကိုလည်း တည်ဆောက်ပေးနေပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း သူ့ရဲ့အစွမ်းအစတွေကို သိပါတယ်”လို့ ပြောပါတယ်။
ဒေးဗစ်ရောင်က လီဗာပူးမှာတောက်ပဖို့ပျက်ကွက်နေတဲ့ ကွင်းလယ်ကစားသမားအတွက် အားပေးထောက်ခံခဲ့တဲ့ နောက်ဆုံးဘောလုံးလောကသားတစ်ဦး ဖြစ်ပါတယ်။