The network connection is lost.

Banner Image

မာတီနက်ဇ်ဟာ ၃ လကြာ အနားယူရမှာဖြစ်တယ်လို့ အတည်ပြုလိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အသင်းရဲ့ဗဟိုခံစစ်မှူး လီဆန်ဒရိုမာတီနက်ဇ်ဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုမရှိဘဲ အသင်းရဲ့ပွဲစဉ်များမှာ ပါဝင်ကစားခဲ့ပြီး ယခုအခါ ဒဏ်ရာပြဿနာပြင်းထန်လာတာကြောင့် ၃ လကြာ အနားယူရတော့မယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ဧပြီလက ဆီဗီလာယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်အထိအနားယူခဲ့ရပါတယ်။ သို့သော် အာဂျင်တီးနားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဒဏ်ရာမှသက်သာလာတာကြောင့် ယူနိုက်တက်ရဲ့ ယခုရာသီအစ ပွဲစဉ် ၅ ပွဲအထိ ပါဝင်ကစားနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဩဂုတ်လက အာဆင်နယ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ခြေဖဝါးဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတဲ့ မာတီနက်ဇ်ဟာ နိုင်ငံတကာပွဲစဉ်များအပြီး ဘရိုက်တန်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်လာနိုင်ခဲ့ပါတယ်။ သို့သော် ယမန်နေ့က တန်ဟက်က နောက်ခံလူဟာ ကြံ့ခိုင်မှုမပြည့်ဝဘဲ ကစားနေပြီး ဒဏ်ရာပြဿနာ ပိုမိုဆိုးရွားလာတာကြောင့် ကာလရှည်အနားယူဖို့ လိုအပ်နေတယ်လို့ အတည်ပြုလာခဲ့တာဖြစ်ပါတယ်။

တန်ဟက်က "ကျွန်တော်တို့ သူ့ကိုတိကျတဲ့ရောဂါရှာဖွေမှုပြုလုပ်ခဲ့ပါတယ်။ အာဂျင်တီးနားမှလည်း ပြုလုပ်ပြီးသားပါ။ အခုတော့ ပြဿနာတစ်ခုပေါ်လာပါပြီ။ အရမ်းဝမ်းနည်းစရာကောင်းပါတယ်။ မာတီနက်ဇ်က ၁၀၀ ရာခိုင်မှုန်း ကြံ့ခိုင်မှုမရှိဘဲ အသင်းအတွက် ပွဲထွက်ကစားသမားစာရင်းမှာ  ပါဝင်ကစားနေခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် အကောင်းမွန်ဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ မာတီနက်ဇ်ဟာ ဒီရာသီမှာ ၁၄ ဂိုးအထိပေးထားခဲ့ရတာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံထားရပါတယ်။ တန်ဟက်က "ဘရိုက်တန်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ပါဝင်ခဲ့တဲ့ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့တွေ့မြင်ခဲ့ရတဲ့ မာတီနက်ဇ်မဟုတ်ပါဘဲ ကြီးမားတဲ့ကွဲပြားခြားနားမှုရှိနေခဲ့ပါတယ်။ သူက အသင်းအတွက်အရေးပါတဲ့ကစားသမားပါ။ တကယ်လို့သူက စွမ်းဆောင်ရည်မကောင်းဘူးဆိုရင် အသင်းကလည်း စွမ်း‌ဆောင်ရည်ကောင်းမှာ မဟုတ်ပါဘူး"လို့ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်ရဲ့ ဘယ်နောက်ခံနဲ့ ညာနောက်ခံလူတွေဖြစ်တဲ့ ရီဂူလွန်၊ လုခ်ရှော၊ မာလာစီယာနဲ့ ဝမ်ဘစ်ဆာကာတို့ကလည်း ဒဏ်ရာတွေအသီးသီးရရှိထားကြတာကြောင့် ဒီယေဂိုဒါလော့တစ်ယောက်သာ ကျန်ရှိပါတော့တယ်။