
The network connection is lost.

ယနေ့နံနက်အစောပိုင်းက ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားသစ် အမ်မရာဘတ်က စတင်ပါဝင်လာခဲ့ပြီး တောက်ပတဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ မန်နေဂျာ အဲရစ်တန်ဟက်က ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ယခုအခါယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ကာရာဘောင်ဖလား စတုတ္ထအဆင့်ကို ထိုက်ထိုက်တန်တန်နဲ့ တက်လှမ်းနိုင်ခဲ့ပြီး ယူနိုက်တက်အတွက် ဂိုးတွေကို ဂါနာချို၊ ကတ်စမဲရိုးနဲ့ မာရှယ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မော်ရိုကိုလက်ရွေးစင် ကစားသမား အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဖီအိုရင်တီးနားမှ အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာခဲ့ပြီး ယနေ့ပွဲစဉ်မှာမှ စတင်ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် ယူနိုက်တက် ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့တာဖြစ်ပါတယ်။
တန်ဟက်က “အမ်မရာဘတ်က ကျွန်တော်တို့ လိုအပ်နေတဲ့နေရာမှာ ကစားပေးနိုင်တဲ့ ကစားသမားပါ။ ဒီအချက်က ကျွန်တော်တို့သူ့ကိုခေါ်ယူခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါ။ ဒီပွဲမှာ အသင်းရဲ့ကစားသမားတိုင်းအကောင်းဆုံးပုံစံပြသနိုင်ခဲ့ကြပြီး အမ်မရာဘတ်ကလည်း အထူးတည်ငြိမ်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်အစမှာကတည်းက အသင်းရဲ့ အဓိက ကစားသမားတွေဒဏ်ရာ ရရှိခဲ့လို့ အစီအစဉ်ပြတ်တောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အခု ပွဲမှာတော့ အမ်မရာဘတ်နဲ့မေဆင်မောင့်တို့က အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီမှာထွက်ခွာသွားခဲ့တဲ့ ဒီဂီယာနေရာမှာ အစားထိုးဝင်ရောက်လာပြီး ရာသီအစ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အမှားအယွင်းများစွာပြုလုပ်ခဲ့တဲ့ ဂိုးသမား အန်ဒရေ အိုနာနာဟာလည်း ယနေ့ပွဲစဉ်မှာတော့ အရေးကြီးတဲ့ ကာကွယ်မှုနှစ်ခုပြုလုပ်နိုင်ခဲ့ပြီး ယူနိုက်တက်အတွက် clean sheet ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် တန်ဟက်က “Clean Sheetက ဂိုးသမားတစ်ယောက်အတွက် သေချာပေါက် ယုံကြည်မှုတိုးပွားစေပါတယ်။ ဒီပွဲမှာ အိုနာနာက အရေးကြီးတဲ့ ကာကွယ်မှု နှစ်ခုပြုလုပ်နိုင်ခဲ့တာကြောင့် ဒီ Clean Sheet သူ့ကြောင့်ရရှိခဲ့တာပါ။ သူက အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦးပါ။ ဒီပွဲက ကျွန်တော်တို့အတွက် တကယ်ကောင်းတဲ့ ပွဲတစ်ပွဲပါပဲ။ တစ်ကွင်းလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ တိုက်စစ်ဆင်မှုတွေနဲ့ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ပြီးတော့ ဘောလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီး ရရှိခဲ့တဲ့ ဂိုးတွေကလည်း ကောင်းမွန်တဲ့ဂိုးတွေပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တန်ဟက်က ၆ ပွဲမှာ ၃ ပွဲနိုင် ၃ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားတဲ့ ညံ့ဖျင်းတဲ့ ပရီးမီးယားလိဂ်ရာသီ စတင်မှုနဲ့ ပတ်သက်ပြီး “ယူနိုက်တက်မှာ အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ရမှာပါ။ အခုလက်ရှိအသင်းရဲ့ အခြေအနေက ကျွန်တော်တို့ ရောက်ရှိချင်တဲ့ အနေအထားကို မရောက်သေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အမှီလိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ လာမယ့်ပွဲပါပဲ” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာ ယူနိုက်တက်ဟာ ယခုအနိုင်ရရှိခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကိုပဲ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ထပ်မံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။