The network connection is lost.

Banner Image

လီဗာပူးနဲ့ အက်သလက်တီကိုတို့ပွဲစဉ်မှ ရန်ပွဲတွေကို ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးနေ

ကြာသပ‌တေးနေ့နံနက်က လီဗာပူးနဲ့ အက်သလက်တီကိုတို့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲပြီးကာနီး နှစ်ဖက်ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြသလို၊ အက်သလက်တီကိုနည်းပြဒီယေဂို ဆီမြွန်နီကလည်း လီဗာပူးပရိသတ်တွေအပေါ်တုံ့ပြန်ပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြခံခဲ့ရပါတယ်။ ယခုအခါမှာ‌တော့ ယူအီးအက်ဖ်အေက အဆိုပါပွဲစဉ်မှ ခိုက်ရန်ဖြစ်ပွားမှုတွေကို စုံစမ်းစစ်ဆေးနေပြီး အက်သလက်တီကိုအဖွဲ့ဝင်တစ်ဦးဟာ လီဗာပူးပရိသတ်အုပ်ထဲသို့ တံတွေးနဲ့ထွေးခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါပွဲစဉ်မှာ လီဗာပူးအတွက် အနိုင်ဂိုးကို ပွဲပြီးကာနီးမှာ အသင်းခေါင်းဆောင် ဗန်ဒိုက်ခ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ဂိုးသွင်းပြီးချိန်မှာ လီဗာပူးပရိသတ်တွေက ဆွီမြွန်နီကို လှောင်ပြောင်အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဆွီမြွန်နီအနေနဲ့လည်း အဆိုပါပရိသတ်တွေကို ပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်ခဲ့ပြီး အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ 

 ပွဲအပြီးမှာ ဆွီမြွန်နီက "မန်နေဂျာတစ်ယောက်အနေနဲ့ ဒီလိုပုံစံပြုမူလိုက်တာက မကောင်းဘူးဆိုတာသိပါတယ်။ ဒါပေမယ့် လူမျိုးရေးခွဲခြားတာတို့ မိုက်မိုက်ရိုင်းရိုင်းစော်ကားတာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း လူတွေပဲမို့လို့ ဒေါသထွက်ပြီး ပြန်တိုက်ခိုက်တတ်ပါတယ်။ သူတို့ တတိယဂိုးကိုသွင်းလိုက်တော့ ပရိသတ်တစ်ယောက်က ကျွန်တော့်ကို မိုက်မိုက်ရိုင်းရိုင်းလှမ်းပြောပါတယ်။ ကျွန်တော်ပြန်လှည့်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော်လည်း လူသားတစ်ယောက်ပဲလေ"

"သူဘယ်လိုပြောခဲ့သလဲဆိုတာကိုတော့ ကျွန်တော်ပြန်မပြောတော့ပါဘူး။ ဒီပြဿနာထဲမှာလည်း ထပ်မပါချင်တော့ပါဘူး။ ကိုယ့်နေရာမှာပဲကိုယ်နေပါတယ်။ ဒါပေမယ့် မန်နေဂျာခုံတန်းနောက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ ကျွန်တော်သိပါတယ်။ လူထုပြဿနာကို သတင်းစာရှင်းလင်းပွဲတစ်ခုတည်းနဲ့ဖြေရှင်းလို့မရပါဘူး။ နေရာတိုင်းမှာ ဒီလိုပြဿနာတွေ ဖြစ်ပျက်နေလို့ ကျွန်တော်တို့လည်း အသားကျအောင်နေသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ လီဗာပူးဟာ အက်သလက်တီကိုကို ၂ ဂိုးပြတ်ဦး‌ဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ဆွီမြွန်နီရဲ့အသင်းက နောက်ကနေ ၂ ဂိုး ပြန်လိုက်သွင်းခဲ့တာဖြစ်ပါတယ်။ သို့သော်လည် ကံမကောင်းစွာပဲ ပွဲပြီးကာနီးမှ အနိုင်ဂိုးခွင့်ပြုလိုက်ရတာကြောင့် သရေ ၁ မှတ်နဲ့တော့ လွဲချော်ခဲ့ပါတယ်။ 

ဆက်လက်ပြီး အာဂျင်တီးနားသားနည်းပြက "ပြောရမယ်ဆိုရင် ကျွန်တော်လုပ်ခဲ့တဲ့လုပ်ရပ်အတွက် နောင်တရပါတယ်။ ကျွန်တော်တို့က ဘယ်နေရာရောက်ရောက် ဘယ်အချိန်မှာဖြစ်ဖြစ်တုံ့ပြန်မှုပြုလုပ်ဖို့ မလွယ်ကူတဲ့လူမျိုးတွေပါ"လို့ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိတော့ အက်သလက်တီကို၊ ဆီမြွန်နီနဲ့ လီဗာပူးပရိသတ်တွေထဲမှာ ဘယ်သူတွေက အပြစ်ပေးခံသွားရမလဲဆိုတာ မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာတော့ လီဗာပူးဟာ မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်အဖြစ် အဲဗာတန်ကို အန်ဖီးလ်မှာ ဧည့်ခံကစားသွားရပါမယ်။