အယ်လ်ဗာရက်ဇ် မပါဝင်သေးပေးမဲ့ အက်သလက်တီကိုရဲ့ရာသီကြိုအစီအစဉ်ဆီ စောစောစီးစီးပူးပေါင်းလာတဲ့ ဂူလီယာနိုဆီမြွန်နီ
အက်သလက်တီကိုမက်ဒရစ်အသင်းက လာမယ့်သြဂုတ် ၉ ရက်၊ မန်စီးတီးနဲ့ ကစားမယ့် ရာသီကြိုခြေစမ်းပွဲအတွက် ဆိုးလ်မြို့ဆီ ထွက်ခွာလာပါတော့မယ်။ ဒါပေမဲ့ သူတို့အသင်းရဲ့တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ကတော့ နွေရာသီအားလပ်ရက်ရရှိထားလို့ အသင်းနဲ့အတူ မပါဝင်လာပါဘူး။
မန်စီးတီးကြယ်ပွင့်ဟောင်းအယ်လ်ဗာရက်ဇ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာချင်တယ်လို့ ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ ဘာစီလိုနာရဲ့အထူးစိတ်ဝင်စားမှုကို ရရှိလာခဲ့ပါတယ်။
ဒါပေမဲ့ လာလီဂါထိပ်သီးအက်သလက်တီကိုမက်ဒရစ်ကတော့ အယ်လ်ဗာရက်ဇ်ကို အလွယ်တကူ လက်လွှတ်ဖို့ ဆန္ဒမရှိပါဘူး။ အသင်းစီအီးအို မီဂွယ်လ်အိန်ဂျယ်ဂီးလ်မာရင်က အယ်လ်ဗာရက်ဇ်ရဲ့စာချုပ်ဖျက်သိမ်းကြေး(release clause)ဖြစ်တဲ့ ယူရိုသန်း ၅၀၀ အပြည့်အဝမရရင် ဘယ်ဈေးနဲ့မှ မရောင်းချနိုင်ဘူးလို့ အတည်ပြုထားပါတယ်။ ဘာစီလိုနာဘက်ကလည်း အဲဒီပမာဏကို မပေးနိုင်လို့ အခြေအနေတွေ လိပ်ခဲတည်းလည်း ဖြစ်နေပြန်ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့သူအားလုံးက သြဂုတ် ၁၀ ရက်၊ မက်ဒရစ်မြို့ဆီ ပြန်လာပြီး အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ပူးပေါင်းရပါလိမ့်မယ်။ အသင်းမှထွက်ခွာချင်နေတဲ့ အယ်လ်ဗာရက်ဇ်ကတော့ လတ်တလောမှာ အီဘဇာကျွန်းဆီ အနားယူဖို့ ရောက်ရှိနေပြီး သတ်မှတ်ရက်ထက်စောစီးကာ ပြန်လာဖို့ မရှိသေးပါဘူး။
အသင်းဆီ သတ်မှတ်ရက်ထက်စောပြီး ပြန်လာမယ့် ကစားသမားတစ်ဦးကတော့ နည်းပြဒီယေဂိုဆီမြွန်နီရဲ့သား ဂျူလီယာနိုဆီမြွန်နီပဲ ဖြစ်ပါတယ်။ သူကတော့ သြဂုတ် ၄ ရက်မှာ ဆေးစစ်မှုတွေခံယူဖို့ ပြန်ရောက်လာပေမဲ့ နောက်တစ်နေ့၊ တောင်ကိုရီးယားနိုင်ငံဆီထွက်ခွာမယ့် ခရီးစဉ်ကိုတော့ မလိုက်ပါနိုင်ပါဘူး။
ဂျူလီယာနိုဆီမြွန်နီက ၂၀၂၃ ခုနှစ်အတွင်း ပြင်းထန်ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့လို့ ပြီးခဲ့တဲ့ဘောလုံးရာသီသုံးခုလုံးမှာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေကို စောစောစီးစီးစတင်လေ့ ရှိပါတယ်။ သူကတော့ အသင်းဖော်တွေ မန်စီးတီးနဲ့ရင်ဆိုင်နေချိန် မက်ဒရစ်မှာပဲ သီးသန့်ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ လုပ်ဆောင်သွားပါလိမ့်မယ်။