The network connection is lost.

Banner Image

ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ကစားသမားသစ် ထပ်မံခေါ်ယူသင့်တယ်လို့ ယူနိုက်တက်ဆီ တိုက်တွန်းလိုက်တဲ့ ရှေးဂစ်ဗင်

ပရီးမီးယားလိဂ်ဂန္တဝင်ဂိုးသမားရှေးဂစ်ဗင်က ချန်ပီယံလိဂ်ပြန်ကစားရတော့မယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားအင်အားမလုံလောက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

အခုနွေရာသီမှာ သရဲနီတွေက အန်ဒရေဆန်းတို့စ်(ချဲလ်ဆီးမှ ပေါင် ၅၀ သန်း)၊ ကားလ်ဒါးလိုး(လိဒ်မှ အလွတ်)နဲ့ တိုင်လီမန်းစ်(အက်စတွန်ဗီလာမှ ပေါင် ၃၅ သန်း) တို့ကိုပဲ ခေါ်ယူထားပါတယ်။ ဒါက အသင်းကြီးတစ်ခုအတွက်ဆိုရင် အပြောင်းအရွှေ့လှုပ်ရှားမှု နည်းပါနေသေးတယ်လို့ပဲ ဆိုရပါလိမ့်မယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်က ဥရောပပြိုင်ပွဲတွေ မကစားရသလို ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲတွေမှာလည်း စောစောစီးစီးထွက်ခွာခဲ့ရလို့ ပွဲစဉ်တွေအကြား သီတင်းတစ်ပတ်နီးပါး အနားယူချိန် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ပြန်ကစားရတော့မယ့် အခုဘောလုံးရာသီသစ်မှာတော့ ယမန်နှစ်လိုအခြေအနေမျိုး နည်းပြမိုက်ကယ်ကာရစ်ရဲ့အသင်းအတွက် မရှိတော့ပါဘူး။

BOYLE Sports နဲ့ အင်တာဗျူးမှာ ဂစ်ဗင်က ယူနိုက်တက်ကို ကစားသမားသစ်တွေ ထပ်မခေါ်ရင် ပင်ပန်းနွမ်းနယ်မှုဒဏ် အလူးအလဲခံရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

"ယူနိုက်တက်အတွက် နေရာတစ်ခုချင်းစီမှာ ကစားသမားကောင်းတွေ ရှိဖို့ထက် အသင်းတစ်ခုလုံးရဲ့ကစားသမားအင်အားတောင့်တင်းဖို့ ပိုအရေးကြီးပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ သူတို့က ဥရောပပွဲတွေ မကစားရသလို ရှုံးထွက်ဖလားပွဲစဉ်တွေမှာလည်း စောစောစီးစီး ထွက်ခွလာရပါတယ်။ အခုရာသီမှာတော့ ချန်ပီယံလိဂ်ပြန်ကစားရဖို့ရှိနေလို့ သုံးရက်တစ်ပွဲနှုန်း ဖြစ်လာပါတော့မယ်။ ဒါက အသင်းလူစာရင်းပိုင်းကို အတော်လေးဝန်ပိစေပါလိမ့်မယ်" လို့ ဂစ်ဗင်က ဆိုပါတယ်။

"ကာရစ်လည်း ဒါကို နားလည်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်တစ်ဦးတည်းကပဲ တစ်ရာသီလုံး ပွဲ ၄၀ ကျော် ကစားပြီး အကောင်းဆုံးပုံစံ ပြသနိုင်မယ့်ကိစ္စအပေါ် အားကိုးနေလို့ မရပါဘူး။ ချန်ပီယံလိဂကစားရလို့ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်တို့ ပြီးခဲ့တဲ့ရာသီတွေမှာ ဘယ်လောက်အထိ ရုန်းကန်ခဲ့ရလဲဆိုတာ ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ။ ကြားရက်ရော၊ ပိတ်ရက်ပါ ကစားရတယ်ဆိုတာ သူတို့အတွက် ဝန်ပိလွန်းခဲ့ပါတယ်။ ယူနိုက်တက်လည်း ကစားသမားသစ်တွေ ထပ်မဖြည့်ရင် ဒီပြဿနာနဲ့ပဲ ကြုံရပါလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။

လတ်တလောမှာ နည်းပြကာရစ်က ဘယ်နောက်ခံလူနေရာအတွက် ဝါရင့်ကစားသမားလုခ်ရှောတစ်ဦးသာရှိလို့ ကစားသမားသစ် ထပ်လိုချင်နေပါတယ်။ ဒါ့အပြင် ကွင်းလယ်ခံစစ်ပိုင်းနဲ့ ဗဟိုခံစစ်ပိုင်းကလည်း ကာရစ်ရဲ့ဦးစားပေးစာရင်းမှာ ပါဝင်နေပါတယ်။ ယူနိုက်တက်အတွက် လာမယ့်ရာသီမှာ ကစားသမားတွေကို အလှည့်ကျသုံးစွဲနိုင်ဖို့ဆိုရင် ငွေထပ်သုံးဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။