The network connection is lost.

Banner Image

လက်ရွေးစင်အသင်းနည်းပြသစ်ခန့်အပ်ရေး အလျင်စလိုမလုပ်ကြဖို့ တိုက်တွန်းလိုက်တဲ့ ဆွန်ဟောင်မင်

ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ကလင်းစမန်းထုတ်ပယ်ခံခဲ့ရပြီးနောက် အမြဲတမ်းနည်းပြတစ်ဦးခန့်အပ်နိုင်ရေး အလျင်စလိုမလုပ်ဆောင်ကြဖို့ တောင်ကိုရီးယားဘောလုံးအကြီးအကဲတွေဆီ ဆွန်ဟောင်မင်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

တော့တင်ဟမ်ကြယ်ပွင့်က စင်င်္ကာပူမြေမှာ ကစားရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း နှစ်ဂိုး သွင်းယူကာ တောင်ကိုရီးယားအသင်း ၇-၀ ဂိုးဖြင့် အနိုင်ရရှိရေး ကူညီပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဆွန်ဟောင်မင်ရဲ့အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးအဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ အခုနှစ်အစောပိုင်း၊ ကာတာအာရှဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ရှုံးပွဲအပြီး ကလင်းစမန်းကို ထုတ်ပယ်ခဲ့ပြီးနောက် လတ်တလောမှာ တောင်ကိုရီးယားသားတွေက ဒုတိယမြောက်ယာယီနည်းပြနဲ့အတူ ပွဲစဉ်တွေကို ကျော်ဖြတ်နေရပါတယ်။

ကင်ဒိုဟွန်းက လာမယ့်အင်္ဂါနေ့၊ တရုတ်အသင်းနဲ့ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲစဉ်မှာလည်း အသင်းကို ယာယီနည်းပြအဖြစ် ဆက်လက်ကိုင်တွယ်သွားပါလိမ့်မယ်။

စင်င်္ကာပူမြေ ဂိုးပြတ်နိုင်ပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အသင်းခေါင်းဆောင်ဆွန်ဟောင်မင်က “အချိန်ယူရတယ်ဆိုရင်တောင် ကျွန်တော်တို့ ကစားလိုတဲ့ ကစားဟန်၊ ကျွန်တော်တို့နဲ့ သင့်လျော်မယ့် နည်းပြတစ်ဦးရှာဖွေဖို့ဆိုတာ ကျွန်တော်တို့အတွက် အရေးကြီးလွန်းတယ်လို့ ယူဆမိပါတယ်”လို့ ပြောပါတယ်။

တောင်ကိုရီးယားယူ-၂၃အသင်းနည်းပြ ဟွမ်ဆန်ဟောင်က ပြီးခဲ့တဲ့မတ်လအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် နှစ်ခုအတွက် ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ပေမယ့် ပါရီအိုလံပစ်အတွက် ခြေစစ်ပွဲမအောင်မြင်ချိန်မှာတော့ သူ့ရဲ့ဂုဏ်သိက္ခာ အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။

ဆွန်ဟောင်မင်က “တကယ်တော့ အမြဲတမ်းနည်းပြတစ်ဦးမရှိခြင်းက အရမ်းမလွယ်ကူပါဘူး။ ကစားသမားတွေကလည်း အခုအခြေအနေအပေါ် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းနေပြီး အလွန်အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အကောင်းဆုံးကစားပေးနေပါတယ်”လို့ ဆိုပါတယ်။

ကာတာအာရှဖလားပြိုင်ပွဲအတွင်း ဖျက်မြင်းဂျော်ဒန်က အာရှအင်အားကြီးတောင်ကိုရီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပြီးနောက် တစ်နှစ်ကြာ တာဝန်ယူခဲ့ရတဲ့ရာထူးကို နည်းပြကလင်းစမန်း စွန့်လွှတ်လိုက်ရပါတယ်။ ဒီပွဲစဉ်မတိုင်ခင် ပီအက်စ်ဂျီကစားသမား လီကန်အင်နဲ့ အသင်းခေါင်းဆောင်ဆွန်ဟောင်မင်တို့ အကြား အခြေအတင်အငြင်းပွားမှုပေါ်ပေါက်ခဲ့ပြီး ဆွန်ကိုယ်တိုင် လက်ချောင်းဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကလင်းစမန်းက အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ The Athletic  သတင်းဌာနရဲ့အင်တာဗျူးအစီအစဉ်မှာ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုလိုက်ပြီး သူ့ကို ဓါးစာခံလုပ်ခဲ့ခြင်းနဲ့ပတ်သက်လို့ ကိုရီးယားဘောလုံးအဖွဲ့ချုပ်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်းအလန်ရှီးယား ပါဝင်တဲ့ အင်တာဗျူးအစီအစဉ်မှာ ဂျာမန်တိုက်စစ်မှူးဟောင်းက “ကိုရီးယားယဉ်ကျေးမှုအရ တစ်ဦးဦးက ဒီတာဝန်ကိုယူပေးရပြီး အပြစ်တင်တာတွေကို ခံယူပေးရပါတယ်။ သူတို့တွေက အခုလိုတိုက်ခိုက်လာမှုတွေကို ကျွန်တော့်အပေါ်ပုံကျလာအောင် လုပ်ဆောင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်က ကလင်းစမန်းနေရာ ဆက်ခံသူအဖြစ် ဂျက်စီမတ်ရှ်ကို ပစ်မှတ်ထားခဲ့ပေမယ့် လိဒ်ယူနိုက်တက်နည်းပြဟောင်းက တောင်ကိုရီးယားအစား ကနေဒါကိုပဲ ရွေးချယ်သွားပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် အီရတ်အသင်းရဲ့ စပိန်လူမျိုးနည်းပြကတ်ဆတ်စ်၊ တူရကီအသင်းနည်းပြ အသက်-၇၁ နှစ်အရွယ် ဆီနောလ်ဂူနက်စ်၊ ဆော်ဒီလက်ရွေးစင်အသင်း နည်းပြဟောင်း ရီနတ်ဒ်တို့နဲ့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကလင်းစမန်းကတော့ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပေါ်တူဂီသားဘင်တိုရဲ့နေရာမှာ အစားထိုးဖို့ သူ့ကိုခေါ်ယူလိုက်ချိန် ဘာတွေရရှိသွားသလဲဆိုတာကို သိထားသင့်တယ်လို့ ပြောပါတယ်။

သူက “ကိစ္စတိုင်းကို ချိန်ညှိပေးဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လုပ်ထားတဲ့အရာအားလုံးကို ရာနှုန်းပြည့်ချိန်ညှိချင်တယ်ဆိုရင် ဒီနေရာမှာ ဘာကြောင့် နိုင်ငံခြားသားနည်းပြတစ်ဦး ငှားရမ်းနေတာလဲ? ကိုရီးယားနည်းအတိုင်း လုပ်သွားချင်တယ်ဆိုရင် ကိုရီးယားသားနည်းပြတစ်ဦးကို ခန့်အပ်လိုက်ခြင်းက ပိုပြီးလွယ်ကူစေပါလိမ့်မယ်၊ မဟုတ်ဘူးလား?”လို့ ဆိုပါတယ်။