The network connection is lost.

Banner Image

၁၀ နှစ်ကြာကစားခဲ့ပြီးနောက် တော့တင်ဟမ်ကနေထွက်ခွာတော့မယ့် ဆွန်ဟောင်မင်

သတင်းတွေအရ တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်တစ်ယောက် ဆော်ဒီမြေကိုပြောင်းဖို့ အခုနွေရာသီမှာ တော့တင်ဟမ်ကိုထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားသားဟာ တော့တင်ဟမ်အတွက် ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ  ပွဲပေါင်း ၄၅၄ ပွဲပါဝင်ကစားပြီး ၁၇၃ ဂိုးအထိသွင်းယူကာ ၁၀၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

တော့တင်ဟမ်မှာ ဆွန်ဟာ ပရိသတ်အချစ်တော်ဖြစ်ပြီး မကြာသေးခင်က ၁၇ နှစ်ကြာဆုဖလားလက်မဲ့ဖြစ်မှုကို ယူရိုပါလိဂ်ဆုဖလားရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်အသင်းခေါင်းဆောင်ဟာ အခုနွေရာသီမှာပဲ အသင်းကနေထွက်ခွာဖွယ်ရှိနေတယ်လို့ သိရပြီး အင်္ဂါနေ့တုန်းက တယ်လီဂရက်ဖ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နောက်ထပ်သတင်းတွေအရ ဆွန်အနေနဲ့ အသင်းရဲ့အပြောင်းအရွှေ့စရိတ်ကိုအဆင်ပြေအောင် ထွက်ခွာနိုင်တယ်လို့ သိရပါတယ်။ ဆွန်ဟာ ဘယ်တောင်ပံအပြင် တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်တာဖြစ်ပြီး ဆော်ဒီကလပ်တော်တော်များများက အလိုရှိနေပါတယ်။ အသက် ၃၂ နှစ်သား နဲ့ တော့တင်ဟမ်တို့ကြား စာချုပ်သက်တမ်းက ၁ နှစ်သာကျန်တော့တာဖြစ်ပြီး ၂၀၂၆ မှာ အလွတ်နဲ့ထွက်ခွာနိုင်မှာဖြစ်တာကြောင့် တော့တင်ဟမ်က ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ဆွန်တစ်ယောက် တော့တင်ဟမ်အတွက် ပရီးမီးယားလိဂ် ၃၀ ပွဲမှာ ၇ ဂိုးသွင်း ၊ ၁၀ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

၂၀၂၁ တုန်းက PFA ရဲ့တစ်နှစ်တာအကောင်းဆုံးစာရင်းမှာပါဝင်ခဲ့သလို ၂၀၂၂ မှာ ရွှေဖိနပ်ဆုလည်း ရရှိခဲ့ပါတယ်။ ဆွန်ဟာ ၃ ရာသီဆက် တော့တင်ဟမ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီး ၂၀၁၉ နဲ့ ၂၀၂၁ မှာ တော့တင်ဟမ်ကို ချန်ပီယံလိဂ်ဒုတိယ နဲ့ ကာရာဘောင်ဖလား ဒုတိယနေရာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် ဆွန်ဟောင်မင်က “ကျွန်တော်က ဂန္ထဝင်တစ်ဦးဖြစ်တယ်လို့ ပြောကြပါစေ။ ၁၇ နှစ်တာကာလအတွင်းမှာ ဘယ်သူမှအဲ့လိုမလုပ်နိုင်ပါဘူး။ ဒါကြောင့် အံ့ဖွယ်ကစားသမားတွေလို့ပြောကြပါစေ။ ကျွန်တော်လည်း ဂန္ထဝင်တစ်ဦးဖြစ်နိုင်ပါတယ်။ ဒါက ကျွန်တော်အမြဲတမ်းမက်ခဲ့တဲ့အိပ်မက်ပါ။ ဒီနေ့မှာ အဲ့တာကဖြစ်လာခဲ့ပါပြီ။ ကျွန်တော်က ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားပါ”လို့ ဖြေကြားခဲ့ပါတယ်။

တော့တင်ဟမ်နည်းပြ ပိုစတီကလည်း ဆွန်ဟောင်မင်ရဲ့ကာလရှည်ပေးဆပ်မှုကို ချီးကျူးပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့အသင်းမှာ မယုံကြည်နိုင်စရာကောင်းတဲ့ချန်ပီယံတွေရှိနေပါတယ်။ ကိန်းက ဥပမာပါ။ သူတို့ကတော့ ဒီနေ့မှာမရှိတော့ပါဘူး။ ကျွန်တော် ဆွန်နီအတွက် ဒီနေ့ကိုလိုချင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူက ပြီးခဲ့တဲ့ ၁၀ နှစ်တာအတွင်း အများကြီးလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်”လို့ ပိုစတီက ဖြေကြားခဲ့ပါတယ်။ ဆွန်တစ်ယောက် တော့တင်ဟမ်နဲ့ ၁၀ နှစ်တာကာလအတွင်းမှာ ဆုဖလားတစ်လုံးနဲ့အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။