ခြေစွမ်းပိုင်းအပေါ် စိုးရိမ်မှုတွေ ရှိနေပေမဲ့ ကမ္ဘာ့ဖလားအတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုလာတဲ့ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်
တောင်ကိုရီးယားအသင်းရဲ့ အားကိုးရတဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ၎င်းရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာပြီဆိုတဲ့ ဝေဖန်မှုတွေရှိနေပေမဲ့ ကမ္ဘာ့ဖလားမတိုင်ခင်မှာ "အခြေအနေ အရမ်းကောင်းနေတယ်" လို့ ပြောကြားခဲ့ပြီး အကောင်းဆုံး ကစားနိုင်မယ်လို့ ယုံကြည်ချက်အပြည့်နဲ့ တုံ့ပြန်လိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ် အသင်းခေါင်းဆောင် ဆွန်ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကနေ အမေရိကန် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ် (LAFC) ကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။
ဒါ့အပြင် ၎င်းဟာ တောင်ကိုရီးယားအသင်းနဲ့အတူ ရလဒ်တွေ ဆိုးရွားနေတာကြောင့်လည်း ရုန်းကန်နေရပြီး လာမယ့် ကမ္ဘာ့ဖလား အုပ်စု (A) ထဲမှာတော့ ချက်သမ္မတနိုင်ငံ၊ တောင်အာဖရိက၊ အိမ်ရှင် မက္ကဆီကိုတို့နဲ့ ရင်ဆိုင်ရမှာပါ။ တောင်ကိုရီးယားအသင်းဟာ မကြာသေးမီက ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာလည်း အိုင်ဗရီကို့စ်ကို ၄ ဂိုး - ဂိုးမရှိ၊ သြစတြီးယားကို ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။
ဆွန်ဟောင်မင်ကတော့ အင်္ဂါနေ့က ဆော့လိတ်စီးတီးမှာ ပြုလုပ်တဲ့ အသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ သတင်းထောက်တွေကို ဖြေကြားရင်း အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို မြှင့်တင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။
"လူအများကြီးက စိုးရိမ်နေကြပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကစားဟန်မကောင်းမှပဲ စိုးရိမ်တာပါ။ အခုကတော့ အဲဒီလိုမဟုတ်ဘူးလို့ ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရလည်း အရမ်းကို ကောင်းမွန်နေပါတယ်" လို့ သူက ဆိုပါတယ်။
တောင်ကိုရီးယားအသင်းဟာ ဇွန်လ ၁၁ ရက်နေ့၊ မက္ကဆီကို၊ အမေရိကန်နဲ့ ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဖွင့်ပွဲနေ့မှာ ချက်အသင်းနဲ့ ဂွါဒါလာဟာရာမြို့မှာ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားတုန်းကတော့ ၁၆ သင်းအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး ဘရာဇီးကို ၄ ဂိုး - ၁ ဂိုးနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရတာပါ။
သူ့ရဲ့ စတုတ္ထမြောက် ကမ္ဘာ့ဖလားကို ကစားမယ့် ဆွန်က "ကစားသမားတွေအနေနဲ့ မျက်စိမှိတ်ထားရင်တောင် ကိုယ့်အသင်းဖော်တွေ ဘယ်နေရာမှာရှိလဲဆိုတာ သိနေဖို့ လိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ "ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားထက် ပိုကောင်းတဲ့ရလဒ်နဲ့ ပိုမြင့်တဲ့နေရာကို ရောက်ချင်တာပေါ့။ ဒါပေမဲ့ အနာဂတ်ကိုတော့ ကြိုပြောလို့မရဘူးလေ။ တခြားအသင်းတွေကလည်း ကျွန်တော်တို့လိုပဲ အစွမ်းကုန် ပြင်ဆင်လာကြမှာပါ" လို့လည်း သူက ဆိုပါတယ်။
ဆွန်ဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၄၃ ပွဲမှာ ၅၄ ဂိုး သွင်းယူပေးထားပြီး ၁၅ နှစ်ကျော်ကြာအောင် အသင်းရဲ့ အားကိုးရာ ဖြစ်ခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၃ ဂိုး သွင်းထားပြီး ပတ်ဂျီဆန်း၊ အန်ဂျောင်ဟွမ်တို့နဲ့အတူ တောင်ကိုရီးယားရဲ့ ကမ္ဘာ့ဖလား ဂိုးသွင်းအများဆုံး စံချိန်ကို ပူးတွဲပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
"ဒီစံချိန်တွေအကြောင်း မကြားမိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတွေကလည်း ပြောနေကြပြီး ပရိသတ်တွေကလည်း အများကြီး စိတ်ဝင်စားနေကြတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒါတွေကို သိပ်ပြီး အာရုံမထားပါဘူး။ အသင်းကို အရာအားလုံးထက် ရှေ့တန်းတင်ပြီး အသင်းအတွက် ဘယ်လိုကူညီပေးရမလဲဆိုတာကိုပဲ အရင်ဦးစားပေး စဉ်းစားမယ်ဆိုရင် ဂိုးတွေကတော့ သူ့အလိုလို လိုက်လာမှာပါ" လို့ ဆွန်ဟောင်မင်းက ပြောကြားသွားခဲ့ပါတယ်။