ယူအေအီးဒုတိယတန်းကလပ်အသင်းနဲ့အတူ နည်းပြဘ၀ခရီးလမ်းကို စတင်လာတဲ့ အင်နီယေစတာ
အာရပ်စော်ဘွားများပြည်ထောင်စု(UAE)ဒုတိယတန်းကလပ် GULF UNITED က ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်ကစားသမားဟောင်းအင်နီယေစတာကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။
အင်နီယေစတာက ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းနဲ့ ၂၀၁၀ ပြည့်နှစ်အစောပိုင်းကာလတွေအတွင်း စပိန်နဲ့ ဘာစီလိုနာအသင်းတို့ ရရှိခဲ့တဲ့ စဉ်ဆက်မပြတ်အောင်မြင်မှုတွေအတွက် အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ခဲ့သလို ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
UAE ပထမတန်းလိဂ်ကလပ်အသင်းရဲ့ တနင်္လာနေ့ထုတ်ပြန်ချက်မှာ "ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးသလို ချန်ပီယံလိဂ်ဖလားအောင်မြင်မှုတွေ ရရှိထားတဲ့ ကွင်းလယ်လူက အသင်းဆီ နည်းပြချုပ်အဖြစ် လာရောက်ပူးပေါင်းခဲ့ပါတယ်။ သူက A-အဆင့်နည်းပြလိုင်စင် ရရှိထားသလို ပရိုလိုင်စင်ရရှိဖို့အတွက် ဆက်လက်ကြိုးပမ်းရင်း ကွင်းဘေးစည်းနည်းပြဘ၀ရဲ့ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါတယ်" လို့ ဖော်ပြထားပါတယ်။
အင်နီယေစတာက UAE အခြေစိုက် အီမရိတ်စ်အသင်းမှာ နောက်ဆုံးကစားခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း ကမားသမားဘ၀ကို စွန့်လွှတ်ခဲ့ပါတယ်။
"GULF UNITED ဆီ ပူးပေါင်းရခြင်းက ဒီစာမျက်နှာသစ်အတွက် အသင့်တော်ဆုံးပဲလို့ ယုံကြည်မိပါတယ်" လို့ အသက် ၄၂ နှစ်အရွယ် အင်နီယေစတာက ဆိုပါတယ်။
"ဘောလုံးကစားခြင်းက ကျွန်တော့်ကို အရာအားလုံး ပေးခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ နည်းပြတာဝန်ထမ်းဆောင်ခြင်း၊ လေ့လာသင်ယူခြင်းနဲ့ အောင်မြင်ချင်စိတ်ပြင်းပြပြီး အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေနဲ့အတူ နေ့တိုင်း အလုပ်လုပ်သွားခြင်းအားဖြင့် တစ်ခုခုကို ပြန်လည်ပေးဆပ်ချင်ပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။