The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပြီးနောက် ယာဂန်ကလော့ပ်ကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ အန်းစလော့

အန်ဖီးလ်ကွင်းဗွေဆော်ဦးဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပြီးနောက် အန်းစလော့က ကလပ်အသင်းအတွက် ချန်ထားခဲ့ပေးတဲ့ အမွေအနှစ်တွေအတွက် နည်းပြဟောင်းယာဂန်ကလော့ပ်ကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းက တနင်္ဂနွေနေ့ညပိုင်းမှာ တော့တင်ဟမ်ကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အင်္ဂလိပ်ချန်ပီယံတွေအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖီယင်နုနည်းပြဟောင်းအန်းစလော့က ကွင်းတွင်းရှိပရိသတ်ကြီးနဲ့အတူ ယာဂန်ကလော့ပ်ရဲ့အမည်ကို ကြွေးကြော်ကာ ဂုဏ်ပြုခဲ့ပါတယ်။တဖက်မှာလည်း ယာဂန်ကလော့ပ်က ယမန်နှစ်၊ သူ့ရဲ့အန်ဖီးလ်ကွင်းနောက်ဆုံးပွဲစဉ်မှာ အန်းစလော့ရဲ့အမည်ကို ခေါ်ဆိုပြီး အသင်းအတွက် ကြိုဆိုပေးခဲ့ဖူးပါတယ်။

အန်ဖီးလ်မှာ ကိုးနှစ်ကြာတာဝန်ယူချိန်ကာလအတွင်း ချန်ပီယံလိဂ်၊ ပရီးမီယားလိဂ်အပါအဝင် အခြားဆုဖလားအောင်မြင်မှုများစွာရယူပြီးနောက် ခိုင်မာတဲ့အုတ်မြစ်တစ်ခုချမှတ်ကာ အသင်းမှထွက်ခွာသွားတဲ့ ဂျာမန်သားကြီးကို အန်းစလော့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အန်းစလော့က “ ဒါဟာ အတိတ်ကာလမှာ ဘယ်နည်းပြကမှ မလုပ်ပေးခဲ့ဖူးတဲ့အရာတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါက ကျွန်တော့်အတွက်လည်း သေချာပေါက်အကူအညီဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေအပြင် သူချန်ထားပေးခဲ့တဲ့အသင်းနဲ့ ဒီအသင်းမှာ သူချန်ထားပေးခဲ့တဲ့ ဓလေ့ထုံးတမ်းတွေက ကျွန်တော့်ကို ပိုပြီးတောင် အကူအညီပေးခဲ့ပါတယ်။

ကစားသမားတွေရဲ့အရည်အသွေးတွေက လူတိုင်းအတွက် သိသာထင်ရှားနေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေတင်မက အသင်းဝန်ထမ်းတွေရဲ့ အလုပ်ကြိုးစားမှုစံနှုန်းတွေက မယုံကြည်နိုင်စရာ ကောင်းလွန်းပါတယ်။ ဒါကပဲ အခုဘောလုံးရာသီမှာ ကျွန်တော်တို့အသင်း အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ အကြောင်းရင်းတွေအနက် တစ်ခုဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး နယ်သာလန်သားနည်းပြက အန်ဖီးလ်ဆီ အသင်းဘတ်စ်ကားရောက်ရှိလာချိန်မှလွဲ၍ ပွဲနေ့တလျှောက်လုံး စိတ်အေးလက်အေးရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အန်းစလော့က “ ဒီနေ့အတွက် ကျွန်တော်စိတ်လှုပ်ရှားမိတဲ့ တစ်ခုတည်းသောအခိုက်အတန့်ကတော့ ဘောလုံးကွင်းဆီ ကျွန်တော်တို့အသင်းရောက်ရှိလာချိန် အဓိပ္ပါယ်အပြည့်နဲ့စောင့်ကြိုနေတဲ့ ပရိသတ်တွေကို မြင်လိုက်ရမှုပဲ ဖြစ်ပါတယ်။

ဆုဖလားအနိုင်ရရှိမယ့်အခွင့်အလမ်းတစ်ခုရှိနေတဲ့ ကျွန်တော်တို့အတွက် ဒါက တကယ့်ကိုထူးရှယ်ခံစားချက် ဖြစ်ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ကျွန်တော်တို့လုပ်ဖို့ကျန်နေသေးတဲ့အရာတွေလည်း ရှိနေသေးတယ်လို့ ခံစားမိခဲ့ပါတယ်။ ဒါပေမယ့် အသင်းဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူအကုန်လုံးလည်း ပရိသတ်တွေသာ အခုလိုမျိုး ကျွန်တော်တို့နဲ့အတူ ရှိနေမယ်ဆိုရင် ဒီပွဲစဉ်ကို ရှုံးနိမ့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ခံစားမိပါလိမ့်မယ်။ ပြီးတော့ ပွဲချိန်အတွင်းမှာရော၊ ပွဲပြီးချိန်မှာပါ ပရိသတ်တွေရဲ့အားပေးမှုတွေ၊ ကျွန်တော်တို့ကစားသမားတွေရဲ့ ကစားပုံတွေက အံ့အားသင့်လောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ ပြီးတော့ ဒီလိုနေ့မျိုးရရှိလာလို့ တကယ်ကို စပါယ်ရှယ်ပါပဲ”လို့ ပြောပါတယ်။